၈ သြဂုတ်လ ၂၀၂၆(Eastern Thanlwin)
ဇင်ကြီး
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သြဂုတ် (၇)ရက်နေ့ နံနက် (၇)နာရီခန့်က အွန်းလိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ (၁၅၆) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိတယ်လို့သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကိုတော့ ကျိုင်းတုံမြို့နယ်၊ နောင်လေကျေးရွာ နောင်လေငါးကန် စားသောက်ဆိုင်အနီးမှာရှိတဲ့ ခြံဝန်းတစ်ခုထဲမှာ အဆောင်အဦဆောက်လုပ်ပြီး တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေတယ်လို ဒေသခံတွေ တိုင်ကြားချက်အရ သိရတာလို့ဆိုပါတယ်။
“အဲ့ဒီဖက်မှာက မိုင်းလားသွားတဲ့လမ်းဆိုတော့ တရုတ်တွေကို ခနခနတွေ့နေရတာ။ သူတို့လုပ်နေတာ အနီးအနားတစ်ဝိုက်ကလူတွေ အကုန်နီးပါး လောက်တောင် သိနေလောက်ပါပြီ။ ဖမ်းချင်ရင် အရင်ကတည်းက ဖမ်းလို့မိပါတယ်။ သူတို့သတင်းမရသေးလို့ မဖမ်းကြတာနေမှာပါ။ အခုသိတော့ ဖမ်းလိုက်တာ ပိုကောင်းတာပေါ့လို့” ဒေသခံတစ်ဦးက အရှေ့သံလွင်ကိုပြောပါတယ်။
ယင်းဖမ်းဆီးမှုတွင် တရုတ်နိုင်ငံသား အမျိုးသား (၁၄၀) ဦး၊ အမျိုးသမီး (၄) ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး (၁) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၈) ဦး၊အမျိုးသမီး (၃) ဦး၊ စုစုပေါင်း အမျိုးသား (၁၄၈) ဦးနှင့် အမျိုးသမီး (၈) ဦး၊ပေါင်း (၁၅၆) ဦးတို့အား ဖုန်းမျိုးစုံ (၆၅၈) လုံးနဲ့ အခြားလုပ်ငန်းသုံးပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်တွေဟာ ထိုင်း၊ လာအို၊ မြန်မာ (၃)နိုင်ငံ ထိစပ်နေတဲ့ ဒေသအတွင်းက မြို့ပြနဲ့ နီးစပ်တဲ့ ကျေးရွာတွေအတွင်း ရွေ့ပြောင်းသွားလာနေကြပြီး ငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြတာဖြစ်ပြီး အချို့သော ငွေလိမ်ဂိုဏ်တွေကတော့ တောတောင်တွေအတွင်း လျှပ်စစ်မီးစက်တွေနဲ့ StarLink ဂြိုလ်တုအင်တာနက်စက်တွေ အသုံးပြုကာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်တဲ့စစ်ဆေးမှုများ ဆောင်ရွက်နေပြီး တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာြဖစ်ပြီး လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်လို့ သိရပါတယ်။

