Language:

တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက် လုယက်မှုမှ ထွက်ပြေးသူကို ပြန်လည်ဖမ်းဆီးရမိ


တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက် လုယက်မှုမှ ထွက်ပြေးသူကို ပြန်လည်ဖမ်းဆီးရမိ

၁၇ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ သြဂုတ်(၁၂)ရက်နေ့က ရွှေနှင့် ငွေသားများ လုယက် ယူဆောင်ထွက်ပြေးခဲ့သူကို ယနေ့ နံနက်ခင်း (၁၁)နာရီကျော်လောက်က မိဘဖြစ်သူတွေက ဆန်ဆိုင်း (က)ရပ်ကွက်ရုံးကို လာအပ်နှံခဲ့တာဖြစ်ပြီး ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရပ်ကွက်အဖွဲ့ထံမှ သိရှိရပါတယ်။

ဖြစ်စဉ်မှာ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဆန်ဆိုင်း (က)ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်အတွင်း အမျိုးသမီးတစ်ဦး ကြက်သွန်ညှပ်နေချိန် နေအိမ်အတွင်း ဝင်ရောက်ကာ ပိုက်ဆံအိတ်အတွင်းရှိ ငွေသားနှင့် ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ထွက်ပြေးခဲ့တာဖြစ်ပြီး ပစ္စည်းကတော့ အခင်းဖြစ်ပွားရာနေရာနှင့် မလှမ်းမကမ်းရှိ ခြုံများအတွင်းမှ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဟိုနေ့က လုယူပြီး ထွက်ပြေးသွားတဲ့သူကို ပြန်မိပြီ။ သူ့မိဘကိုယ်တိုင်က ရပ်ကွက်ရုံးကို လာပို့တာပါ။ ခိုးပြီး လုယူထွက်ပြေးသွားတာကိုလည်း ဝန်ခံတယ်။ အခုလောလောဆယ်တော့ ရပ်ကွက်ရုံးကနေ ရဲစခန်းကို အပ်လိုက်ပြီ။ နယ်ထိန်းက ရဲစခန်းကို ခေါ်သွားတယ်”လို့ ဆန်ဆိုင်း (က) ရပ်ကွက် အတွင်းရေးမှူး ဦးစိုင်းတင်ထွန်းဦးက အရှေ့သံလွင်သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နန်ကောင်အား သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ရဲစခန်းက စစ်ဆေးမေးမြန်း ခေါ်ယူဆုံးမပြီးနောက် တရားဝင်အမှုဖွင့်အရေးယူခြင်းမလုပ်ပဲ ပြန်လွှတ်ပေးမယ်ဖြစ်ကြောင်း သိရှိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ပစ္စည်းခိုးယူသူကို ပြန်လည်ခေါ်ယူပြီး ယခုဖြစ်စဉ်အတွက် ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းကာ ဆုံးမသတိပေးသွားမည်ဖြစ်ပြီး ယခင်ကလည်း အိမ်နီးချင်းနေအိမ်များအတွင်း ဝင်ရောက်ခိုးယူခဲ့ဖူးကြောင်း ဝန်ခံထားပြီး နောက်ထပ် အလားတူဖြစ်စဉ်များ ထပ်မံကျူးလွန်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

#ခိုးမှု

#မှုခင်း

#ဆန်ဆိုင်းက

#ဝန်ခံကတိ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin