၁၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ယာဉ်/လမ်း စည်းကမ်းမဲ့မှုတွေ နည်းပါးအောင် ပညာပေးလုပ်ငန်း အကြိမ်ကြိမ်လုပ်ပေးနေတာဖြစ်ပြီး ပညာပေးကာလကျော်လွန်လို့ ဖမ်းဆီးမိတဲ့အချိန်ကြရင် ဥပဒေအတိုင်း မော်တော်ယာဉ်ပါသိမ်းဆည်းပြီး ထောင်ဒဏ်ပေးနိုင်အောင် တရားစွဲမှာဖြစ်တယ်လို့ တာချီလိတ် မော်တော်ယာဉ်တပ်ဖွဲ့က အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားလည်အောင် ပညာပေးလုပ်ငန်း အကြိမ်ကြိမ်ပြုလုပ်ပေး နေတာဖြစ်ပြီး စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးချိန်မှာ ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ ထောင်ဒဏ်(၃)နှစ်အပြင် မော်တော်ယာဉ်ပါ သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။
“ကျွန်တော်တို့ဖမ်းရင် ကား/ဆိုင်ကယ်ပါ သိမ်းပြီး ထောင်ပါချရမှာ တချို့ တောင်ပေါ်က ဆင်းလာတဲ့ သူတွေဆို နားမလည်ဘူးလေ။ ဒါတွေသူတို့သိဖို့ ယာဉ်စည်ကမ်း လမ်းစည်းကမ်းကို အကြိမ်ကြိမ် ပညာပေးလုပ်နေတာပါ။ အခုလည်း တချို့အမှုတွေ အရေးယူထားပြီး တရားရုံးပို့ထားတာတွေရှိပါတယ်”လို့ တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့မှာ မော်တော်ကား မော်တော်ဆိုင်ကယ်အများစု (၉၀%)ကျော်ဟာ လိုင်စင်မဲ့တွေ စီးနင်းနေကြတာဖြစ်ပြီး ဖမ်းဆီးအရေးယူပါက ငွေဒဏ်နဲ့ မပြီးဘဲ ထောင်ဒဏ်ပါ ကျခံရမှာဖြစ်တဲ့အတွက် မှုခင်းဖြစ်ပွားမှု ကျဆင်းအောင်၊ စည်းကမ်းလိုက်နာလာအောင် ပညာပေးလုပ်ငန်း အကြိမ်ကြိမ်လုပ်ဆောင်ပေးနေရတာဖြစ်တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။
တာချီလိတ်မှာ ယာဉ်ကျောပိတ်ဆို့တဲ့နေရာ (၈)ခုရှိပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ရခြင်းမှာ လမ်းဧရိယာအတွင်း ဈေးဆိုင်ခင်းတာနဲ့ ယာဉ်မောင်းတွေကိုယ်တိုင် ယာဉ်စည်းကမ်း လိုက်နာခြင်းမပြုတာ မျဉ်းနီမျဉ်းဝါများပေါ် အချိန်ကြာမြှင့်စွာ ယာဉ်ကို ရပ်တန့်တာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပညာပေးလုပ်ငန်း လုပ်ဆောင်ခဲ့တာ (၃)ကြိမ်ရှိပြီဖြစ်ပြီး သြဂုတ်(၁၆)ရက်နေ့ နံနက်ပိုင်းမှာလဲ မော်တော်ယာဉ်မောင်းနှင်သူများကို ယာဉ်စည်းကမ်းနဲ့ပတ်သတ်ပြီး မေးသိုင်းကြိုးတပ်ပြီး ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်ကို (၂)ဦးထပ်ပိုပြီးမဆောင်းရန် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေသော ပါဝါအိတ်ဇော တပ်ဆင်ထားခြင်း မပြုရန်၊ မော်တော်ကားစီးနင်သူများကို ထိုင်ခုံခါးပတ်ကြိုးတပ်ရန်၊ ယာဉ်နှင့်အတူ ယာဉ်မောင်းလိုင်စင်ပါရန် ယာဉ်နံပါတ်ပြားတပ်ဆင်ထားမှုကို စစ်ဆေးရန်တို့ကို တာချီလိတ် အမှတ်(၁၂၁)ယာဉ်ထိန်းတပ်ဖွဲ့စုက ပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

