Language:

ယာဥ်စည်းကမ်းမလိုက်နာသည့် ယာဥ်မောင်းသူများကို ဖမ်းဆီးခြင်းမရှိသေးပဲ ပညာပေးကာလဖြင့်သာ ဆက်လက်လုပ်ဆောင်နေ


ယာဥ်စည်းကမ်းမလိုက်နာသည့် ယာဥ်မောင်းသူများကို ဖမ်းဆီးခြင်းမရှိသေးပဲ ပညာပေးကာလဖြင့်သာ ဆက်လက်လုပ်ဆောင်နေ

၁၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ယာဥ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ယာဥ်မောင်းများကို ဖမ်းဆီးအရေးယူခြင်း မပြုလုပ်သေးဘဲ ပညာပေးကာလအဖြစ် သတ်မှတ်ကာ ယာဥ်ထိန်းရဲတပ်ဖွဲ့က မနေ့က သြဂုတ်လ (၁၅) ရက်နေ့ မှာတော့ အသိပညာပေးခြင်းနှင့် သတိပေးခြင်းများသာ လုပ်ဆောင်နေတာဖြစ်ကြောင်း သိရပါတယ်။

ယခင်ကလည်း ယာဉ်စည်းကမ်းလမ်းစည်းနဲ့ပတ်သက်ပြီး စည်းကမ်းပျက်မော်တော်ယာဉ်တွေကို ဖမ်းဆီးဒဏ်ရိုက်ခြင်း မပြုလုပ်သေးဘဲ ပညာပေးကာလအဖြစ် (၂)ကြိမ်ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ယခုတစ်ကြိမ်အပါအဝင် (၃)ကြိမ်ဆက်တိုက် ပညာပေးကာလအဖြစ် ဆက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ပညာပေးလုပ်နေတာ အကြိမ်ကြိမ်ဘဲ။ လမ်းပေါ်စည်းကမ်းမဲ့ လမ်းပေါ်တက်ရပ်ထားတဲ့ ကားတွေလည်း အရင်လိုဘဲ။ မီးနီလဲ ဖြတ်မောင်းနေကြတာ၊ အရေးမယူမှတော့ ဘယ်သူက ကြောက်မှာလဲ။ စည်းကမ်းပိုပြီး မဲ့လာကြတာဘဲရှိတယ်၊ ယာဉ်ထိန်းက လမ်းစုံလမ်းခွထိုင်ပြီး လမ်းပြပေးနေလို့ကတော့ မထူးဘူး လမ်းဘေး စည်းကမ်းမဲ့ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တကယ်ဖမ်းပြီး ဒဏ်ရိုက်ပစ်ဖို့တော့လိုတယ်”လို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

ပညာပေးမှုကိုသာ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ယာဥ်မောင်းသူအချို့မှာ စည်းကမ်းဖောက်ဖျက်မှုအပေါ် အရေးယူခံရခြင်းမရှိသေးသည်ကို အခွင့်ကောင်းယူကာ ယာဥ်စည်းကမ်းများကို ဆက်လက်မလိုက်နာသည့် အခြေအနေများလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြို့ထဲမှာ ယာဥ်နှစ်ထပ်ရပ်သည့် ယာဥ်စည်းကမ်းမလိုက်နာသူများကို ချလန်ဖြတ်ပြီး တရားရုံးကိုသွားခိုင်းကာ ဒဏ်ငွေဆောင်ခိုင်းတာမျိုးလည်း ရှိတယ်လို့ သိရှိရပါတယ်။

စည်းကမ်းမလိုက်နာသည့် ယာဥ်များအား သက်ဆိုင်ရာစဥ်မျဥ်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ကို ဘယ်အချိန်တွင် စတင်ဖမ်းဆီး သွားမလဲဆိုတာ ယာဥ်ထိန်းရဲတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်များအပေါ် စောင်ကြည့်ရမှာဖြစ်ပါတယ်။

#ပညာပေး

#စည်းကမ်းမဲ့ယာဉ်

#ယာဉ်စည်းကမ်းလမ်းစည်းကမ်း

#ယာဉ်ထိန်းတပ်ဖွဲ့

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin