၁၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လာအိုနိုင်ငံ ဘိုလိခမ်းဆိုင်ပြည်နယ်မှာ တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို တရားမဝင် ဝယ်ယူရောင်းချနေတဲ့ ဗီယက်နမ်နိုင်ငံသား (၁၁)ဦးကို လာအိုအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီဖမ်းဆီးမှုကို ဩဂုတ် (၁၆)ရက် မွန်းလွဲပိုင်းမှာ ဘိုလိခမ်းဆိုင်ပြည်နယ်၊ ပါက်ကဒင်းခရိုင်၊ ဖွန်ဆာကျလိန်းကျေးရွာရှိ အပန်းဖြေစခန်းတစ်ခုမှာ လာအို သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ ၁၁ ဦးအနက် အမျိုးသမီး ၁ ဦးပါဝင်ပြီး အားလုံးဟာ ဗီယက်နမ်နိုင်ငံသားတွေ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေထဲမှာ ဆင်စွယ်နဲ့ ဆင်စွယ်ကဲ့သို့သော ပစ္စည်းတွေ စုစုပေါင်း (၁,၇၅၅.၆) ကီလိုဂရမ်၊ ကျားနက်လို့ ယူဆရတဲ့ တိရစ္ဆာန်အသေကောင် (၂) ကောင်၊ အလေးချိန် (၄၅.၅) ကီလိုဂရမ်အပြင် တခြား တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ အများအပြား ပါဝင်ပါတယ်။
ဒါ့အပြင် မော်တော်ယာဉ် (၂)စီးနဲ့ နိုင်ငံကူးလက်မှတ် (၁၁) အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေက အမှုကို ဆက်လက်စစ်ဆေးနေပြီး ဒီတောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေးနဲ့ ဆက်စပ်နေတဲ့ အခြားသူတွေ၊ နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကို ဆက်လက်ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

