Language:

ရှမ်း/ရှေ့ (၁၀) မြို့နယ်ကို နိုင်ငံခြားသားများ တရားဝင် ဝင်ရောက်လည်ပတ်နိုင်ရေး ပြည်သူ့လွှတ်တော်တွင် တင်ပြမည်ဟုဆို


ရှမ်း/ရှေ့ (၁၀) မြို့နယ်ကို နိုင်ငံခြားသားများ တရားဝင် ဝင်ရောက်လည်ပတ်နိုင်ရေး ပြည်သူ့လွှတ်တော်တွင် တင်ပြမည်ဟုဆို

၁၆ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ် (၁၀) မြို့နယ်ကို နိုင်ငံခြားသားများ တရားဝင် ဝင်ရောက်လည်ပတ်နိုင်ရေးအတွက် နယ်စပ်ဝင်ထွက်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးရန် လာမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားရန်ရှိကြောင်း တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံက သိရှိရပါတယ်။

လက်ရှိတွင် နိုင်ငံခြားသားများအနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများသို့ တရားဝင် ဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ကန့်သတ်ချက်များ ရှိနေတာကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်မပြေမှုတွေ ရှိနေတာပါ။

“ကျွန်တော်တို့ ရှမ်းအရှေ့ (၁၀) မြို့နယ်လုံးကို နိုင်ငံခြားကနေပြီးတော့ တရားဝင်ဗီဇာနဲ့ လည်ပတ်ခွင့်ရအောင်ဆိုပြီးတော့ ဂိတ်တွေ ပြန်ဖွင့်ပေးဖို့အတွက်

လာမယ့်လွှတ်တော်အစည်းအဝေးကျရင် တင်ပြသွားဖို့ရှိပါတယ်”လို့ တာချီလိတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ဝမ်ပုံကျေးရွာက လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း နိုင်ငံခြားသားများ တရားဝင် ဝင်ထွက်သွားလာနိုင်ရေးနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပြီး သက်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးရန် လာမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရတာပါ။

သက်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပါက နိုင်ငံခြားသား ခရီးသွားများ တရားဝင် ဝင်ရောက်လာနိုင်ပြီး တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်အပါအဝင် လည်ပတ်လို့ကောင်းတဲ့ မြို့နယ်များရှိပြီး ဒေသတွင်း ဟိုတယ်၊ စားသောက်ဆိုင်၊ ခရီးသွားလုပ်ငန်းနှင့် အခြားဒေသတွင်း လုပ်ငန်းများအတွက်လည်း အဆင်ပြေလာနိုင်ပါတယ်။

မြန်မာနိုင်ငံ နယ်စပ်များဖြစ်တဲ့ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း နယ်စပ်ဂိတ်များကို e-Visa နှင့် ၂၀၁၆ ခုနှစ် စတင်ဘာလက ဝင်/ထွက်ခွင့်ပြုခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊နယ်စပ်လုံခြုံရေးနှင့် ကန့်သတ်ချက်များကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများသို့ နိုင်ငံခြားသားများ တရားဝင် ဝင်ရောက်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဟိုတယ်နှင့် ခရီးသွားလာရေး၊ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကလဲ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းရှင်တွေနဲ့ တာချီလိတ်မြို့မှာတွေ့ဆုံချိန်မှာ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ နိုင်ငံခြားသားခရီးသွားတွေကို နယ်စပ်ဂိတ်တွေက တရားဝင်ဝင်ရောက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပြီး ဗီဇာကန့်သတ်ချက်တွေကို ဖြည့်လျော့ပေးဖို့ ဆွေးနွေးမယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

#ခရီးသွားလုပ်ငန်း

#ဟိုတယ်လုပ်ငန်း

#နယ်စပ်ဂိတ်

#နိုင်ငံခြားသားခရီးသွား

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin