၁၇ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
NPW
ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုလုပ်ငန်းတွေကို ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်နဲ့ ပြည့်စုံရင် ဓါတ်အားခလျော့ပေးပြီး လျှပ်စစ်အသုံးပြုမှုကို ညပိုင်းအချိန် ပြောင်းလဲသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သြဂုတ်(၁၇) ရက်က ထုတ်ပြန်လိုက်ပါတယ်။
မိုးရာသီကာလမှာ ရေဝင်ရောက်မှုကောင်းမွန်လာပြီး လျှပ်စစ်ဓါတ်အား အပြည့်ထုတ်ပေးနိုင်ပေမယ့်လည်း မဟာဓါတ်အားလိုင်းတွေရဲ့ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက်တွေရှိနေတာကြောင့် နေ့အချိန်တွေမှာ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်တာတွေ ဖြစ်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။
ညပိုင်းအချိန်တွေမှာ လျှပ်စစ်အသုံးပြုမှု အလွန်လျော့နည်းပြီး ဓါတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်မှုကို လျှော့ချမောင်းနှင်ပေးရတာကြောင့် ရေစွမ်းအင်ပြုန်းတီးနေတဲ့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ တမံကြီးတွေမှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။
အဆိုပါ အကြောင်းအရာတွေကြောင့် ပထမအဆင့်အနေနဲ့ လျှပ်စစ်သုံးစွဲမှုများတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုလုပ်ငန်းတွေကို ဝန်ကြီးဌာနသတ်မှတ်ချက်နဲ့ ပြည့်စုံရင် နေ့စဉ် ညပိုင်း (၁၁)နာရီကနေ နောက်နေ့မနက် (၅)နာရီထိ အချိန်အတွင်း တစ်ယူနစ်ကို မူလ ကျပ် ၉၀၀ ကနေ ၆၀၀ ကျပ်ထိ လျှော့ချပြီး လျှပ်စစ်သုံးစွဲဖို့ ဆောင်ရွက်ပေးသွားမယ်လို့ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတကာမှာလည်း Smart Grid စနစ်ကိုသုံးပြီး အခုလို အချိန်နဲ့ ဓါတ်အားခကောက်ခံတဲ့(Time of Use-TOU)ကို သုံးနေပြီဖြစ်လို့ လက်ရှိအခြေအနေပေါ်မူတည်ကာ ပထမအဆင့် အနေနဲ့ စတင်စမ်းသပ်ဆောင်ရွက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို အချိန်ပိုင်းနဲ့ဓါတ်အားသုံးဖြင့် မိုးတွင်းမှာ ဆုံးရှုံးနေတဲ့ ရေတွေကနေ ဝင်ငွေရလာတာ၊ ဓါတ်အားစနစ် တည်ငြိမ်လာတာ၊ စက်မှုလုပ်ငန်းကြီးတွေက ညဘက်ကို ပြောင်းလဲ အသုံးပြုတာကြောင့် နေ့ပိုင်း မီးအသုံးပြုသူတွေကို ပိုပြီး လျှပ်စစ်အားပေးနိုင်တာ၊ စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ လျှော့ချနိုင်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ဆိုထားပါတယ်။

