Language:

အမေရိကန်က အီရန်ကျွန်းကို တိုက်ခိုက်ပြီးနောက် အီရန်က ကူဝိတ်နဲ့ ဘာရိန်းကို ဒရုန်းနဲ့ ပြန်လည်တိုက်ခိုက်


အမေရိကန်က အီရန်ကျွန်းကို တိုက်ခိုက်ပြီးနောက် အီရန်က ကူဝိတ်နဲ့ ဘာရိန်းကို ဒရုန်းနဲ့ ပြန်လည်တိုက်ခိုက်

၁၈ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

အမေရိကန်က အီရန်နိုင်ငံ ကွတ်ရှ်ကျွန်းရှိ ဒုံးကျည်ပစ်လွှတ်ရေးစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန်စစ်ဘက်အခြေစိုက်စခန်းတွေကို ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်တိုက်လေယာဉ်တွေဟာ အင်္ဂါနေ့ညပိုင်းမှာ ကွတ်ရှ်ကျွန်းရှိ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ဒုံးကျည်ပစ်လွှတ်ရေးစခန်းကို တိကျတဲ့လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမေရိကန်စစ်ဘက်ဝန်ထမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်ခြင်းဖြစ်တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။

အီရန်စစ်တပ်ကတော့ ကူဝိတ်ရှိ အလီအယ်လ်စလမ် လေတပ်စခန်းက အမေရိကန်ရဲ့ ပတ်ထရီယော့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဒုံးကျည်ပစ်လွှတ်ရေးစနစ်တွေကို ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဘာရိန်းမှာလည်း အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေပြီး အမေရိကန်ဟာ သီအိုဒို ရုစဗဲ့ လေယာဉ်တင်သင်္ဘောကိုလည်း ဒေသတွင်း ထပ်မံစေလွှတ်ထားပါတယ်။ လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့ ရှိနေပြီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ယီမင်ဟူသီတပ်ဖွဲ့တွေရဲ့ ခရုဇ်ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဖျက်ဆီးခဲ့သလို ယီမင်အတွင်းရှိ ဟူသီစစ်ဘက်ပစ်မှတ် ၆၀ ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့တဲ့ ပဋိပက္ခဟာ အခုအခါ ဒေသတွင်းနိုင်ငံတွေပါ ပါဝင်လာတဲ့ အခြေအနေကို ရောက်ရှိနေပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

#အမေရိကန်

#အစ္စရေး

#ဒေသတွင်းနိုင်ငံ

#လေယာဉ်တင်သင်္ဘော

#ဒရုန်း

ဆက်စပ်သတင်းများ

Eastern Thanlwin