Language:

နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတိုးပေးဖို့ တွက်ချက်နေတယ်လို့ နိုင်ငံတော်သမ္မတပြောကြား


နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတိုးပေးဖို့ တွက်ချက်နေတယ်လို့ နိုင်ငံတော်သမ္မတပြောကြား

၁၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

NPW

အစိုးရဝန်ထမ်းတွေရဲ့ လစာကို တိုးပေးနိုင်ဖို့အတွက် တွက်ချက်နေပါတယ်လို့ နိုဝင်ဘာ ၁၈ ရက် ပြည်ထောင်စုလွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားလိုက်ပါတယ်။

“ အခွန်တွေ တိုးရပြီဆိုရင် လစာစရိတ်တွေလည်း တိုးပေးနိုင်မယ့်အနေအထားလေးရှိတယ်ဆိုတာ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော် အခု တွက်နေပါတယ်။ လစာတိုးနိုင်ဖို့အတွက်လည်း တွက်နေပါတယ်။ ဒါလည်း ကျွန်တော်ထင်ပါတယ် လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာတိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

အစိုးရဝန်ထမ်းတွေရဲ့ လစာတိုးပေးဖို့အတွက် တိုင်းပြည်ဝင်ငွေရဖို့က အဓိကကျပြီး လက်ရှိမှာ အခြေအနေကောင်းမွန်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်း တိုးမြှင့်ပေးဖို့ ဝင်ငွေ ရတဲ့အပေါ် မူတည်ပြီးမှ တိုးပေးလို့ရမှာဖြစ်တဲ့အတွက် အခွန်နဲပတ်သက်ပြီး စိစစ်ပေးဖို့ သမ္မတက အကြံပြုခဲ့ပါတယ်။

“တကယ်အခွန်ကောက်မယ်ဆို ဒီထက်မက ရနိုင်စရာရှိပါတယ်။ တိမ်းရှောင်နေတဲ့ အခွန်တွေ ဥပမာ အိမ်တွေရောင်းကြတယ်။ မြေတွေ ရောင်းကြတယ်။ ၁ ဘီလီယံ ရောင်းရတယ်။ တကယ်စာရင်းပြတဲ့ အခါကျ သန်း ၅၀၀ အခွန်ပြတယ်။ နောက် စည်ပင်ကသတ်မှတ်ထားတဲ့ဈေးနဲ့ မြေပြင်မှာ ပေါက်တဲ့ဈေးက ကွာဟချက်ရှိတော့ စာချုပ်ချုပ်တဲ့အခါမှာ စည်ပင်ကသတ်မှတ်ထားတဲ့ဈေးနဲ့ စာချုပ်ချုပ်ပြီး တကယ်ပေါက်တဲ့ဈေးနဲ့ မချုပ်ဘူး။ အဲဒီမှာ အခွန်တွေ လပ်နေတာရှိပါတယ်။ အဲဒါကို မနှစ်က စပြီး စိစစ်တဲ့အခါမှာ ဘီလီယံ ၁၀၀ လောက်အခွန်တိုးရတာရှိပါတယ်။” လို့လည်း သမ္မတက ပြောပါတယ်။

GDP နဲ့ အခွန်ရငွေ အချိုးအနေနဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၅ ရဖို့ ရည်မှန်းထားသလို အခွန်နှုန်းထားကို မတိုးဘဲ အခွန်အခြေကို ချဲ့ပြီး အခွန်ရှာမယ်လို့လည်း သမ္မက ပြောပါတယ်။

#နိုင်ငံ့၀န်ထမ်း

#လစာတိုးပေးဖို့

#ဒေသဖွံ့ဖြိုးရေး

#နိုင်ငံတော်သမ္မတ

#အစိုးရဝန်ထမ်း

S

ဆက်စပ်သတင်းများ

Eastern Thanlwin