၁၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ နိုဝင်ဘာ ၁၈ ရက် ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြားလိုက်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှာလည်း နိုင်ငံရေးအကျပ်အတည်းတွေ၊ အာဏာသိမ်းမှုတွေ၊ ရွေးကောက်ပွဲတွေမှာ ပဋိပက္ခဖြစ်ခဲ့တာတွေ၊ မဲလိမ်၊ မဲခိုးတာ၊ မတရားမှုတွေဖြစ်လို့ ဆူပူဆန္ဒပြတာတွေရှိခဲ့ပေမဲ့ မြန်မာနိုင်ငံအပေါ်မှာပဲ ဖိအားပေးတာတွေ လုပ်တာကို တွေ့ရတယ်လို့ သမ္မတက ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ အာဆီယံနဲ့ ရှေ့ဆက်ပြီး ဆက်ဆံရေးအတွက်လည်း ပြန်လည်သုံးသပ်ဆောင်ရွက်သွားဖို့ ကျွန်တော် တို့ အစိုးရအနေနဲ့ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်။ ” လို့ သမ္မတ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။
သို့ပေမယ့် မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်စေဖို့အတွက် နိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာ အာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကိုလည်း ထည့်သွင်းပြီးတော့မှ အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ဆက်လက်ဆွေးနွေး သွားမယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ ပဋိပက္ခတွေ၊ လက်နက်ကိုင် သောင်းကျန်းသူတွေကြောင့်ဖြစ်ပေါ်လာတဲ့ တရားမဝင်လုပ်ငန်းတွေဟာ လက်ရှိအစိုးရလက်ထက်မှာ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ အာဆီယံအဖွဲ့ဝင်မဖြစ်ခင်ကတည်းက ရှိခဲ့တာတွေကို ယနေ့ထိ ဖြေရှင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲတော့ ဒီလိုဖြစ်တဲ့အခါကျတော့ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်အာဆီယံထိပ်သီးအစည်းအဝေးကြေညာချက်ဟာ ကျိုးကြောင်း ဆီလျော်မှုမရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ် သုံး၊ လေးဦးကနေ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်ဆွေးနွေးနေတာဖြစ်တယ်လို့ သုံးသပ်လို့ ရပါတယ်။” လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိထည့် ဝင်ရမယ့် နှစ်စဉ်ကြေး တစ်နှစ် ဒေါ်လာ ၁ သန်းကိုလည်း ပေးနေတယ်လို့ သိရပါတယ်။

