Language:

တာချီလိတ်ကို လောင်စာဆီတင်ပို့နေသည့် ထိုင်းကုန်သည်များကို ငွေကြေးခဝါချမှုဖြင့် ထိုင်းအစိုးရ စစ်ဆေးနေ


တာချီလိတ်ကို လောင်စာဆီတင်ပို့နေသည့် ထိုင်းကုန်သည်များကို ငွေကြေးခဝါချမှုဖြင့် ထိုင်းအစိုးရ စစ်ဆေးနေ

၁၈ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့ကို လောင်စာဆီတင်ပို့နေတဲ့ ထိုင်းလောင်စာဆီကုန်သည်များကို ကျားဖြန့်လုပ်ငန်း၊ ငွေကြေးခဝါချမှုနှင့် လောင်စာဆီတင်ပို့ရောင်းချမှုကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အရှေ့သံလွင်သတင်းဌာနမှ စုံစမ်းသိရှိရပါတယ်။

တာချီလိတ်ကို လောင်စာဆီတင်ပို့မှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာကြောင့် လာအိုနိုင်ငံက တစ်ဆင့်ခံ ဝယ်ယူပြီး တာချီလိတ်ကို တင်သွင်းနေရတာ ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်များက နိုဝင်ဘာလ ၁၀ ရက်မှစပြီး မဲခေါင်မြစ်ကြောင်းကတစ်ဆင့် တာချီလိတ်ကို လောင်စာဆီတင်ပို့နေမှုကို ထပ်မံကန့်သတ်လိုက်ပြီး မြန်မာကို လောင်စာဆီရောင်းချနေတဲ့ ထိုင်းကုန်သည်တွေကိုလည်း ကျားဖြန့်အွန်လိုင်း ငွေကြေးလွှဲပြောင်းမှုအပါအဝင် ငွေကြေးခဝါချမှုတွေ ပတ်သက်မှု ရှိ/မရှိ ကို စစ်ဆေးနေတယ်လို့ သိရှိရပါတယ်။

“တာချီလိတ်ကို လောင်စာဆီတင်ပို့နေတဲ့ ထိုင်းလောင်စာဆီကုမ္ပဏီ ၈ ခုလုံးက ကျားဖြန့်နဲ့ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးတာခံနေရတယ်၊ ဒါကြောင့် လောင်စာဆီတင်ပို့မှုကိုလည်း ထိုင်းဘက်က ပိုကြီးကြပ်လိုက်တဲ့အတွက် ဆီဈေးအနည်းငယ်တက်သွားတာပါ” လို့ တာချီလိတ်စက်သုံးဆီရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လောင်စာဆီတွေကို ထိုင်းနိုင်ငံမှ တိုက်ရိုက်ဝယ်ယူမှု မပြုလုပ်နိုင်တော့ဘဲ လာအိုနိုင်ငံ ကုန်းတွင်းပိုင်းမှ အဆင့်ဆင့်သယ်ဆောင်ကာ လာအိုနိုင်ငံကို အခွန်ပေးပြီး Transit စနစ်နဲ့ ဝယ်ယူပြီး တာချီလိတ်ကို ပြန်လည်တင်သွင်းနေရတဲ့အတွက် သယ်ယူစရိတ် အဆင့်ဆင့်ကုန်ကျမှုကြောင့် လောင်စာဆီဈေး အနည်းငယ်မြင့်တက်နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ မယ်ဆိုင်ချောင်းရေနဲ့ မြစ်ချောင်းများတစ်လျှောက် ရေထုညစ်ညမ်းမှုနှင့် မြစ်ရေအဆိပ်သင့်မှု ပြဿနာများကို မြန်မာဘက်က ရှင်းလင်းဆောင်ရွက်ပေးမှု အားနည်းနေခြင်းတို့အပြင် ကျားဖြန့်လုပ်ငန်းနှင့် ငွေကြေးခဝါချမှုကိစ္စရပ်များ အမြစ်ပြတ်မရှင်းလင်းနိုင်တဲ့အတွက် တာချီလိတ်ကို လောင်စာဆီနဲ့ လျှပ်စစ်မီးတင်ပို့မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

#FuelPrice

#MyanmarThailandBorder

#Tachileik

#EasternThanLwin

ဆက်စပ်သတင်းများ

Eastern Thanlwin