၁၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး မယ်ဆိုင်ကုန်သွယ်ရေးပေါက်ကနေ ထိုင်းကုန်ပစ္စည်းတွေကို တင်ပို့တဲ့နေရာမှာ ၂၀၂၆ ဇန်နဝါရီကနေ ဧပြီလအထိ (၄)လအတွင်း ဘတ်(၁)ဘီလီယံကျော် တင်ပို့နိုင်ခဲ့တယ်လို့ ထိုင်းအကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းကုန်စည်တွေကို ပြည်တွင်းတင်ပို့မှု ကန့်သတ်ထားပေမယ့် ထိပ်တန်းတင်ပို့နိုင်တဲ့ ကုန်စည်တွေဟာ စက်ပစ္စည်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ဖြစ်နေတာကို တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းက တင်သွင်းလာတာကတော့ ပြောင်းဖူး၊ သတ္တုရိုင်းအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်နဲ့ အထည်ကုန်ကြမ်းတွေဖြစ်တယ်လို့ သိရှိရပါတယ်။
ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ဇန်နဝါရီလကနေ ဧပြီလအထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့တဲ့ ပို့ကုန်တန်ဖိုး ဘတ်(၄.၄၇)ဘီလီယံကျော်နဲ့ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တင်သွင်းတဲ့ သွင်းကုန်တန်ဖိုး ဘတ်(၄၄၆)သန်းကျော် တင်သွင်းခဲ့တာဖြစ်ပြီး စုစုပေါင်း ကုန်သွယ်ရေးတန်ဖိုးမှာ ဘတ်(၄.၉၁)ဘီလီယံကျော်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒ တင်းကြပ်ထားမှုကြောင့် ထိုင်းနိုင်ငံထုတ်ကုန်စည်တွေ မြန်မာနိုင်ငံအတွင်း တင်ပို့နိုင်မှုမှာ ကျဆင်းလျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ။
အခုလို နယ်စပ်ကုန်သွယ်ရေး ထိခိုက်ကျဆင်းလာရခြင်းမှာ နယ်စပ်ဒေသမှာ အွန်လိုင်းလိမ်လည်တဲ့ Scram ဂိုဏ်းတွေနဲ့ ဒေသတွင်း လုံခြုံရေးအခြေနေ တည်ငြိမ်မှုမရှိတာကြောင့် ပါဝင်ပြီး နယ်စပ်ဂိတ်တွေကို တင်းကြပ်ထားခြင်းကြောင့် ကုန်သည်တွေဟာ ပုံမှန်လမ်းကြောင်းအစား အခြားကုန်သွယ်ရေးလမ်းကြောင်းကို ရွေးချယ်လာခြင်းကြောင့် ဖြစ်တယ်လို့ ထိုင်းနိုင်ငံက စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

