၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံမှာ မုတ်သုံရဲ့အစကာလတွေအတိုင်း ရိုးရာမပျက်မိုးကြီးပြီး ရေကြီးရေလျှံမှုတွေကို အခုရက်ပိုင်း အတွင်း နိုင်ငံရဲ့ အထက်ပိုင်းမှာစတင်ပြီး သိသိသာသာ ခံစားနေရပြီဖြစ်ပါတယ်။
မုတ်သုံလေအားကောင်းနေလို့ မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေမြင့်တက်နေမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးနေပြီး အလယ်ပိုင်းဒေသတွေမှာလည်း ရေဘေးအန္တရာယ်ကို သိသာစွာ ရင်ဆိုင်နေရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေမှုက နိုင်ငံရဲ့ အဓိကမြစ်ကြီးတွေမှာ ရေကြီးရေလျှံမှုတွေကို အားကောင်းစေခဲ့တာပါ။
ဒါကြောင့် ဩဂုတ်လ ၁၁ ရက်ကနေ ၁၄ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလကလည်းသတိပေးထားပါတယ်။
ဒီလို မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ မြစ်ဝှမ်းဒေသတွေမှာ အထက်ပိုင်းက စီးဆင်းလာတဲ့ရေတွေနဲ့ မိုးရေတွေ ပေါင်းစပ်လာတာကြောင့် မြစ်ရေမြင့်တက်ပြီး မြစ်ကမ်းနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်ဝှမ်းတွေဟာ မုတ်သုံရာသီအတွင်း ရေကြီးမှုဖြစ်ပေါ်နိုင်တဲ့ အဓိကဒေသတွေဖြစ်ပြီး မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်တဲ့အချိန်မှာ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေဘေးအန္တရာယ် ပိုမိုမြင့်တက်လျက်ရှိပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မိုးကြီးပြီးရေးကြီးရေလျှံမှုတွေကတော့ တရုတ်နိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်နေတဲ့ Typhoon Dolphin နဲ့တော့ တိုက်ရိုက်သက်ဆိုင်မှုမရှိပေမယ့် အနောက်တောင်မုတ်သုံလေကို အားကောင်းစေတယ်လို့ အရပ်ဖက် မိုး/ဇလပညာရှင် ဦး၀င်းနိုင်ကပြောပါတယ်။
“ လောလောဆယ်မှာတော့ အရင်ဆုံး ဂျပန်အိုကီနာ၀ါဘက်ကို သွားတယ် မြန်မာပြည်ဘက်ကို ဒဲ့မလာတဲ့အတွက် မြန်မာပြည်တင်မဟုတ်ဘူး အရှေ့တောင်အာရှနိုင်ငံတော်တော်များများကိုလာမှာ မဟုတ်ဘူး ဒီမုန်တိုင်းရဲ့ ဒဏ်ကိုခံရမှာ မဟုတ်ပါဘူး သူ့ရဲ့ Impact ကတော့ အနောက်တောင်မုတ်သုံလေကို ဆွဲသွင်းပေးတဲ့ ပန့်အကြီးစားကြီးလိုဖြစ်နေတယ် “
လက်ရှိမှာတော့နိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်၊ မြစ်ငယ်နဲ့ မုံရွာမြို့တွေမှာ မြစ်ရေဟာ သက်ဆိုင်ရာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပါတယ်။
မြစ်ရေမြင့်တက်မှုတွေနဲ့အတူ ရေဘေးသင့်ဒေသတွေမှာ နေ့စဉ်စားသောက်ရေး၊ သောက်သုံးရေ၊ ယာယီနေရာထိုင်ခင်းနဲ့ အခြေခံကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်လာနိုင်တာကြောင့် အရေးပေါ်ကူညီထောက်ပံ့မှုတွေ ဆက်လက်လိုအပ်နေပါတယ်။
ဒါကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ၊ ယာယီနေရာထိုင်ခင်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို အချိန်မီ ရရှိနိုင်ရေးက အရေးကြီးနေပါတယ်။
လက်ရှိဧရာ၀တီတိုင်းမှာ ကြုံတွေ့နေရတဲ့ ရေဘေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်နေမှုကို မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်၀င်းရွှေက အရှေ့သံလွင်သတင်းဌာနကိုပြောပါတယ်။
“မြေနိမ့်ပိုင်းမှာ ရှိတဲ့ ပြည်သူတွေကို အသံချဲ့စက်နဲ့ ပြောတာရှိတယ် စိုးရိမ်ရေမှတ်ရောက်လာတာမျိုးဆိုရင် အလံတွေထောင်တယ် ဒါကိုလည်း ဒေသခံတော်တော်များများက ယဥ်ပါးတဲ့ အသိရှိတာကြောင့် ပြီပြည်သူတွေ ဘက်ကလည်း ပြင်ဆင်စရာရှိတာပြင်ဆင်ကျပါတယ် အစ်ကိုတို့ဘက်ကတော့ စက်လှေတို့ ယာဥ်တို့ ရှာဖွေကယ်ဆယ်ရေးဘက်က ကိစတွေကိုသက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီးပြင်ဆင်ထားပါတယ် “
မုတ်သုံလေ အားကောင်းနေမှုနဲ့ မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနိုင်တာကြောင့် ရေဘေးအန္တရာယ်ရှိနိုင်တဲ့ ဒေသတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
ဒါ့ကြောင့် ၂၀၂၆ ခုနှစ်ရဲ့ မုတ်သုံကိုတော့ မိုးများရေကြီးရေလျှံမှုတွေနဲ့ နိုင်ငံတစ်၀န်း သဘာ၀ဘေးအတွက် အရေးပေါ်အခြေအနေတစ်ရပ်အဖြင့် ကြိုတင်ပြင်ဆင်ပြီး မုတ်သုံကို ကြံ့ကြံ့ခံ အံတုရဦးမှာတော့ အသေအချာပဲဖြစ်ပါတယ်။

