Language:

ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတစ်ခုလုံးရဲ့ မူးယစ်ဆေးဝါး ဘုရင်”လောဝ်တာဆန်းလီ” တော်ဝင်ဘုရင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်


ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတစ်ခုလုံးရဲ့ မူးယစ်ဆေးဝါး ဘုရင်”လောဝ်တာဆန်းလီ” တော်ဝင်ဘုရင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်

၁၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တချိန်က ရွှေတြိဂံဒေသတစ်ခုလုံးရဲ့ ဘိန်းဘုရင်တစ်ဦးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ”ဦးခွန်ဆာ”ရဲ့ မိတ်ဆွေတစ်ဦးလဲဖြစ်တဲ့ “လောဝ်တာ ဆန်းလီဟာ ထိုင်းဘုရင့်မိဖုရားရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နဲ့ပေးတဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တော်နဲ့ သြဂုတ်(၁၄)ရက်နေ့မှာ အပြီးအသတ် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

“လောဝ်တာ(ခ)လောဝ်တာဆန်းလီ”ဟာ တစ်ချိန်က ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ မူးယစ်ဘုရင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘတ်သန်းပေါင်း(၁၀၀၀)ကျော်ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပြီး ကော်ဖီခြံလုပ်ငန်း၊ လောင်စာဆီဆိုင်၊ ဟိုတယ်လုပ်ငန်းနဲ့ အိမ်ရာ စီမံကိန်းအပါအဝင် အခြားလုပ်ငန်းတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အရာရှိတစ်ဦးရဲ့ ပြောဆိုချက်အရ “လောဝ်တာဟာ ခွန်ဆာနဲ့ စစ်ဘက်ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ ခွန်ဆာက ကမ္ဘာကျော် မူးယစ်ဆေးဝါးဘုရင်တစ်ဦးပါ။ သူတို့နှစ်ဦးဟာ နိုင်ငံကို ပြန်လည်ကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတာပါ။ လောဝ်တာကတော့ ခွန်ဆာရဲ့ ညာလက်ရုံးတစ်ဦးလို ဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုထားခဲ့တာပါ။

လောဝ်တာဟာ လီဆူးတိုင်းရင်းသား တစ်ဦးဖြစ်ပြီး Mong Tai Army (MTA) တည်ထောင်သူ ခေါင်းဆောင်ဖြစ်တဲ့ ဘိန်းဘုရင်ခွန်ဆာ မြန်မာအစိုးရဆီ အလင်းဝင်ပြီးနောက်ပိုင်း သူဟာလဲ ထိုင်း-မြန်မာ ထိစပ်နေတဲ့ ဧရိယာနားက ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်အိုင်းဒေသက ဟွေ့ဆန်ကျေးရွာမှာ အခြေချနေထိုင်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

သူကိုတော့ ထိုင်းနိုင်ငံက သတင်းဌာနတွေက MTA ခွန်ဆာရဲ့ အတွင်းရေးမှူး(ညာလက်ရုံး)အဖြစ် ဖေါ်ပြကြပြီး ခွန်ဆာ အနားယူသွားပြီးတဲ့နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တကြောမှာ ခွန်ဆာခြေရာဆက်ခံသူ မူးယစ်ဆေးဝါး ကွန်ယက်တစ်ခုလုံးရဲ့ ဗဟိုချက်အဖြစ် ဖေါ်ပြထားကြပေမယ့် လောဝ်တာကတော့ သူဟာ ခွန်ဆာနဲ့မသိခဲ့ဘူး ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုထားတာ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံကထွက်ရှိတဲ့ စိတ်ကြွဆေးပြားကို ရွှေတြိဂံဒေသကနေတဆင့် နိုင်ငံတကာဈေးကွက်ရောက်အောင် တင်ပို့ခဲ့တဲ့သူဖြစ်တယ်လို့ သိရပြီး ၂၀၀၃ ခုနှစ်မှာတော့ ဟီးရိုးအင်း (၃၃၆)ဂရမ်နဲ့ လက်နက်ကိုင်ဆောင်တဲ့ အမှုရယ် လူသတ်ဖို့ ငှါးရမ်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သူဟာ အမှုကို အယူခံအဆင့်ဆင့်ဝင်ပြီး ငွေကြေးဖိအားနဲ့ အမှုရင်ဆိုင်ခဲ့တဲ့အတွက် ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၆)ရက်နေ့မှာ ထိုင်းတရားရုံးချုပ်ရဲ့ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်နဲ့အတူ တရားသေလွှတ်ခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာတော့ ရဲတပ်ဖွဲ့က တင်ပြတဲ့ သက်သေခံအထောက်အထားတွေဟာ ပြစ်ဒဏ်ချမှတ်ဖို့ လုံလောက်မှုမရှိတာရယ်၊ နေအိမ်ထဲရှာဖွေချိန်မှာ မူးယစ်ဆေးဝါး ဒါမှမဟုတ် သက်ဆိုင်ရာ စပ်ဆက်ပစ္စည်း တခုမှ တွေ့ရှိတာ မရှိခဲ့တဲ့အတွက် တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ တရားသေလွှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း မူးယစ်ဘုရင်းကြီးရဲ့ ဒုစရိုက်ကွန်ယက်ကို မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ တစ်နှစ်ကျော်ကြာ စောင့်ကြည့်စုံစမ်းမှုတွေလုပ်ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါးဝယ်ယူမယ့်သူအဖြစ် အသွင်ယူကာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ မက်တဖက်တမင်း Ice ရေခဲ ကီလို(၂၀)ကျော်အတွက် ဘတ်(၁၀)သန်းကျော်အသုံးပြုပြီး ဝယ်ယူမယ့်သူအသွင်ယူကာ ထိုင်း-မြန်မာ နယ်စပ်အနီး ချင်းမိုင်ခရိုင် မယ်ဆိုင်မြို့နယ်၊ မယ်အိုင်းဒေသထဲက သူပိုင်ဆိုင်တဲ့ ဓါတ်ဆီဆိုင်အနီး အရောင်းအဝယ်အတွက် ချိန်းဆိုကာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးချိန်မှာ မူးယစ်ဆေးဝါး ဒုစရိုက် ကွန်ယက်အဖွဲ့ဝင် (၁၅)ဦးနဲ့အတူ Ice ရေခဲ မူးယစ်ဆေးဝါး ကီလို(၂၀)၊ ငွေသား ဘတ်(၁၁)သန်း အပါအဝင် သေနတ်(၁၀)လက် ကျည်ဆန်တွေနဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးနိုင်ခဲ့တာပါ။

အမှုရင်ဆိုင်ချိန်မှာတော့ မူးယစ်ဘုရင်ကြီးဟာ အမှုနဲ့ပတ်သက်ပြီး ငြင်းဆိုနေခဲ့ပါတယ်။ ဒီပိုက်ဆံတွေဟာ သူ့ရဲ့ လုပ်ငန်းတွေကရတဲ့ ငွေကြေးတွေဖြစ်ပြီး ဒီအမှုနဲ့ သူနဲ့မဆိုင်ဘူးလို့ ထုံးစံအတိုင်း ငြင်းဆိုနေတာပါ၊ ဒါပေမယ့် တရားရုံးမှာ အစိုးရ ရှေ့နေတွေရဲ့ သက်သေအထောက်အထား အပြည့်အစုံနဲ့ တင်ပြနိုင်ခဲ့တာကြောင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ် အမိန့်နဲ့ ထောင်နန်းစံခဲ့ရပါတယ်။

ထောင်ကျတဲ့အချိန်မှာလဲ သူ့အပြင် သူ့ဇနီးနဲ့ သားအပါအဝင် အခြားတစ်ယောက်လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ သူကတော့ ထောင်ဒဏ် တစ်သက်နဲ့ ဘတ်(၂.၅)သန်း ဒဏ်ငွေ ပေးဆောင်ခဲ့ရပြီး ဇနီးဖြစ်သူဟာ ထောင်ဒဏ် (၂၅)နှစ်နဲ့ ဘတ်(၂.၅)သန်း၊ သားဖြစ်သူနဲ့ အခြားတစ်ဦးကတော့ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ထောင်ကျနှစ် (၁၀)နှစ်အတွင်း တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် (၆)ကြိမ်ရရှိခဲ့ပြီး အခုအခါ အသက်(၈၆)နှစ်အရွယ်မှာတော့ လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘန်ကွမ်း ဗဟိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာတာဖြစ်ပါတယ်။

မြောက်ပိုင်း မူးယစ်ဘုရင်ကို ထိုင်းအစိုးရက ဖမ်းဆီးပြီးတဲ့နောက်ပိုင်း ထိုင်းအစိုးရဟာ မူးယစ်ဆေးဝါး ပြဿနာနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ လုပ်ငန်းတွေအပါအဝင် ရေရှည် ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖေါ်ဆောင်ရင်း မူးယစ်ဆေးဝါးပြသာနာကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ ဒေသခံတွေအတွက် နဂိုရှိပြီးသား ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဘုရင့်မယ်တော်ရဲ့ မယ်ဖါ့လုံဖေါင်ဒေးရှင်း(Mae Fah Luang Foundation under Royal Patronage – MFLF) မှာ ငွေကြေးထပ်ထည့်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီဖေါင်ဒေးရှင်းဟာ ၁၉၇၂ ခုနှစ်လောက်ကတော့ နဂိုမူလ Thai Hill Crafts Foundation အမည်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ဒေသခံ တိုင်းရင်းသားတွေအတွက် ရိုးရာလက်မှုပညာတွေကို ဝင်ငွေရလမ်းဖန်တီးပေးတဲ့ ဘုရင့်မယ်တော်ရဲ့ ဖေါင်ဒေးရှင်းတစ်ခုသာဖြစ်ပါတယ်။

မယ့်ဖါးလုံဖေါင်ဒေးရှင်ဟာ မူးယစ်အစားထိုးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ လုပ်ဆောင်တဲ့အပြင် မြန်မာနိုင်ငံအတွင်းက ထိုင်းနဲ့ထိစပ်နေတဲ့ တာချီလိတ်ခရိုင်နဲ့ မိုင်းဆတ်ခရိုင်အတွင်းမှာပါ ဒေသခံတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

ထိုင်းမြောက်ပိုင်း မူးယစ် ဘုရင်ဖြစ်တဲ့ “လောဝ်တာ ဆန်လီ”ဟာ မြန်မာနိုင်ငံအတွင်းက ဘိန်းဘုရင်ဖြစ်သူ ခွန်ဆာနဲ့လဲ ထိတွေ့ဆက်ဆံဘူးပြီး ညာလက်ရုံးအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး မဲခေါင်မြစ်တစ်ကျော မူးယစ်ဘုရင်တပါးလို နေထိုင်ခဲ့ပြီး တရုတ်နိုင်ငံသား(၁၃)ယောက်ကို သတ်မှုနဲ့ တရုတ်နိုင်ငံမှာဘဲ သေဒဏ်ပေးခံခဲ့ရတဲ့ “နော်ခမ်း”နဲ့လည်း ပတ်သက်မှုရှိတယ်လို့ ထိုင်းသတင်းတွေက ဖေါ်ပြထားတာပါ။

ဒါ့အပြင် တချိန်က ရွှေတြိဂံဒေသတစ်ခုလုံးမှာ ရှင်သန်နေတဲ့ မူးယစ်ဂိုဏ်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိက ဗဟိုချက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မူးယစ်ဘုရင်၊ ရွှေတြိဂံဒေသရဲ့ မူးယစ်ဆေးဝါးအကြီးစားကုန်သည် “လောဝ်တာဆန်းလီ” ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ထိုင်းသတင်းတွေမှာတော့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းအနားယူမလား အဖမ်းအဆီးများပြီး ဈေးကွက်ပျက်နေတဲ့ ရွှေတြိဂံရဲ့ မူးယစ်ဈေးကွက် တဖန်ပြန်ပြီး လှုပ်ခတ်လာမလားဆိုတဲ့ မေးခွန်းတွေနဲ့ သုံးသပ်ချက်တွေ အမျိုးမျိုး ရေးသားဖေါ်ပြနေကြတာ တွေ့ရပါတယ်။

#မူးယစ်ဘုရင်

#ထိုင်းနိုင်ငံမြောက်ပိုင်း

#ဘတ်သန်းတစ်ထောင်

#လောဝ်တာဆန်းလီ

#မယ်ဆိုင်

#ရွှေတြိဂံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin