၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီက ဦးစီးကျင်းပတဲ့ မြို့နယ်အဆင့် အလွတ်တန်းဘောလုံးပွဲ ဗိုလ်လုပွဲစဉ်ကို ဒီနေ့ သြဂုတ်(၈)ရက်နေ့ ညနေပိုင်းမှာ တာချီလိတ်မြို့ မြို့မဘောလုံးကွင်းမှာ ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။
ပြိုင်ပွဲကို ရန်အောင်မြေအသင်းနဲ့ ဆန်ဆိုင်း(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်အောင်မြင်အသင်းက (၄)ဂိုး ဆန်ဆိုင်း(ခ)အသင်းက (၂)ဂိုးနဲ့ ပြိုင်ပွဲပြီးဆုံးသွားခဲ့ပြီး ရန်အောင်မြေအသင်းက ပထမဆုရရှိသွားတယ်လို့ သိရှိရပါတယ်။
“ပြိုင်ပွဲက နှစ်တိုင်းကျင်းပနေကြပါ။ ဆုကြေးက အစိုးရကပေးတဲ့ ဆုကြေးအပြင် အပြင် Sponsor ကလည်း ပေးပါတယ်”လို့ တာချီလိတ်မြို့နယ် အား/ကာမှူး ဦးသန်းလှိုင်က ပြောပါတယ်။
အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းနဲ့ ရက်ပေါင်း(၄၂)ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုရတဲ့အသင်းကို အားကစားနှင့် ကာယပညာကော်မတီက ကျပ်ငွေ(၁၀)သိန်း ဒုတိယရတဲ့အသင်းကို ကျပ်ငွေ(၅)သိန်းဆုချီးမြှင့်ပြီး ပြင်ပစပွန်ဆာဖြစ်တဲ့ MD Sport Ware က ထပ်ဆောင်းချီးမြှင့်ငွေ ပထမဆုကို ကျပ်သိန်း(၄၀) ဒုတိယဆုကို ကျပ်(၂၅)သိန်းဆုချီးမြှင့်တဲ့အတွက် စုစုပေါင်း ပထမဆုကို ကျပ်သိန်း(၅၀) ဒုတိယဆုကို ကျပ်သိန်း(၃၀) ချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ်။

