ရောဂါအခြေအနေပိုဆိုးလာနေပြီလို့ သားဖြစ်သူဟန်တာဘိုင်ဒန် ပြော
၉ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ ကင်ဆာရောဂါဟာ သူ့ရဲ့အရိုးများသို့ပျံ့နှံခဲ့ရုံသာမက ထပ်မံဆိုးရွာစွာပျံ့နှံ့နေပြီး ပြင်းထန်တဲ့ဝေဒနာများကို ခံစားနေရတယ်လို့ သားဖြစ်သူ ဟန်တာဘိုင်ဒန်က BBC Newsnight အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် (၈၃)နှစ်ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က ၂၀၂၅ ခုနှစ် မေလတွင် ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာ အမျိုးအစား ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး စတင်သိရှိချိန်ကတည်းက အရိုးများသို့ ပျံ့နှံ့နေကြောင်း ဆရာဝန်များက အတည်ပြု ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
“ကင်ဆာရောဂါကို ရင်ဆိုင်ရတာ မလွယ်ကူပါဘူး။ အဖေဒီလိုဖြစ်နေတာကို မြင်ရတာ ကျွန်တော်အရမ်းဝမ်းနည်းတယ်။ ကျွန်တော့်အဖေက ဒီနေ့အထိ ကျွန်တော်တို့မိသားစုရဲ့ အဓိကပုဂ္ဂိုလ်ပါပဲလို့” BBC Newsnight အင်တာဗျူးတွင် သားဖြစ်သူက ပြောကြားခဲ့တာဖြစ်ပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ဓာတ်ရောင်ခြည်ကုသမှုနှင့် ဟော်မုန်းကုသမှုများ ဆက်လက်ခံယူနေပြီး ကျန်းမာရေးအခြေအနေကိုလည်း ပုံမှန် စောင့်ကြည့်ကုသလျက်ရှိနေတယ်လို့ အမေရိကန် USA TODAY ရဲ့ သတင်းဖော်ပြချက်အရ သိရှိရပါတယ်။
ဂျိုးဘိုင်ဒန်က ကင်ဆာရောဂါ စတင်တွေ့ရှိပြီးနောက်ပိုင်းတွင် ဆရာဝန်များရဲ့ ကုသမှုအပေါ် ယုံကြည်မှုရှိကြောင်း ပြောဆိုခဲ့ပြီး သားဖြစ်သူ ဟန်တာဘိုင်ဒန် နောက်ဆုံးပြောကြားချက်အရ ရောဂါအခြေအနေမှာ ပိုမိုပြင်းထန်လာကြောင်း ပြောဆိုထားပါတယ်။
သမ္မတဟောင်းဂျိုး ဘိုင်ဒန်ရဲ့ အကြီးဆုံးသား ဘိုးဘိုင်ဒန် ကလည်း ၂၀၁၅ ခုနှစ် မေလ ၃၀ ရက်နေ့ အသက် (၄၆) နှစ်အရွယ်တွင် ဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်ခဲ့တယ်လို့ သိရှိရပါတယ်။

