၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
လေးမျက်နှာမြို့ပေါ်ရပ်ကွက် အချို့မှာ ရေပြန်လည်ကျဆင်းနေပြီး တစ်မြို့လုံးရဲ့ ဆက်သွယ်ရေး၀န်ဆောင်မှု က (၃၅)ရာခိုင်နှုန်းလောက် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက အသိပေးပြောကြားလိုက်ပါတယ်။
လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာကာ ဆက်သွယ်ရေးဝန်ဆောင်မှု (၃၅)ရာခိုင်နှုန်း ပြန်လည်ရရှိနေပြီဟု ဆိုပါတယ်။ လေးမျက်နှာရေဘေးသင့်ပြည်သူ (၄၀,၀၀၀) ကျော်အတွက် နိုင်ငံတော်အဆင့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်နေကာ စုစုပေါင်း ကျပ် (၁၄၆)သန်းကျော် ထောက်ပံ့ပြီးစီးခဲ့တယ်လို့ ဒေါ် ခိုင်ခိုင်စိုးရဲ့ တယ်လီဂရန်ချန်နယ်ကတဆင့် အသိပေးပါတယ်။
လက်ရှိတွင် လေးမျက်နှာမြိုနယ်၌ မိုဘိုင်းစခန်း (၁၃)ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း (၆)ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း (၆)ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာရှိ စခန်း (၃) ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးနိုင်ပြီလို့ မနေ့က သြဂုတ်လ (၇) ရက်နေ့က အသိပေးထုတ်ပြန်ပါတယ်။
တစ်ဆက်တည်းမှာပဲ စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံးမှာ Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal တစ်စုံစီကို စာရေးကွင်းကျေးရွာနှင့် ဆိတ်နိုကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် တပ်ဆင်ထားကာ အရေးပေါ် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေးမျက်နှာမြိုရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဩဂုတ် (၆) ရက် ညနေ (၆) နာရီမှ ဩဂုတ်( ၇) ရက် နံနက် (၆) နာရီအထိ (၁၂) နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် (၅) နှင့် အမြင့်ပိုင်းရပ်ကွက် (၃) တို၌ ရေမှတ် (၀.၂) ပေစီ လျော့ကျခဲ့တယ်လို့ သိရပါတယ်။
#သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ

