၁၅ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
ကိုရဲ
ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် လိမ်လည်မှုဂိုဏ်းများအတွက် ငွေကြေးခဝါချရေးကွန်ရက်ကို ဦးဆောင်ညွှန်ကြားခဲ့သည်ဟု စွပ်စွဲခံထားရသော အသက် ၃၀ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦး ဂျန်း(Zhang)ကို ဘန်လမ်လုံခရိုင် နောင်းပရူးဒေသရှိ ကွန်ဒိုတစ်ခုတွင် ပုန်းအောင်းနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ငွေလည်ပတ်မှုပမာဏ ဘတ် (၈.၈) သန်းကျော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဂျန်း(Zhang)သည် လိမ်လည်မှုမှ ရရှိလာသောငွေများကို ဖုံးကွယ်ရန်နှင့် ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန် ATM ကတ်များနှင့် ဘဏ်စာရင်းများကို အသုံးပြုပြီး ငွေထုတ်ခြင်း၊ ငွေလွှဲခြင်းများ ပြုလုပ်သည့် ကွန်ရက်တစ်ခုကို လူစုဆောင်းပြီး ဦးဆောင်ညွှန်ကြားခဲ့သူဖြစ်တာကြောင့် အဖွဲ့ဝင်များအား ကွန်ရက်အတွင်းရှိ ကိုယ်ပိုင်ဘဏ်စာရင်းများကို အလှည့်ကျအသုံးပြုကာ လိမ်လည်ရရှိသော ငွေများကို လက်ခံစေခဲ့ပြီးနောက် အခြားအဖွဲ့ဝင်များကို ငွေကြေးခဝါချရန်အတွက် ငွေပမာဏအများအပြားကို ငွေသားအဖြစ် ထုတ်ယူစေခဲ့ကြောင်း သိရပါတယ်။
၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွင်း ထိုင်းနိုင်ငံသို့ လာရောက်ကာ ပူးပေါင်းလုပ်ဆောင်သူများနှင့် တွေ့ဆုံပြီး လိမ်လည်မှုကွန်ရက်ကို လုပ်ငန်းအခြေစိုက်အဖြစ် ထိုင်းနိုင်ငံကို အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်အာဏာပိုင်နားများက ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရှိပြီးနောက် ဂျန်း(Zhang)သည် ဂျပန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၂၅ခုနှစ်မတ်လမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။
အာဏပိုင်များက ဂျန်း(Zhang)ကို ထိန်းသိမ်းထားပြီးနောက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန်နှင့် တရား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

