၁၅ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အမေရိကန် နာမည်ကျော်အဆိုတော်နဲ့ မင်းသမီး Selena Gomez ဟာ သူမပူးတွဲတည်ထောင်ထားတဲ့ စိတ်ကျန်းမာရေးလုပ်ငန်း Wondermind နဲ့ပတ်သက်ပြီး လိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
Selena Gomez ၊ သူမရဲ့မိခင် Mandy Teefey နဲ့ ယခင်စီးပွားရေးမိတ်ဖက် Daniella Pierson တို့ဟာ လိမ်လည်မှုနဲ့ စာချုပ်ဖောက်ဖျက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး Wondermind SRS 44 နဲ့ Bespoke Wondermind SPV က အမေရိကန် Delaware ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ ဩဂုတ် ၁၃ ရက်နေ့က တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
တရားစွဲဆိုချက်အရ တရားလိုတွေဟာ ၂၀၂၂ ခုနှစ်မှာ Wondermind Global ထဲကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းနီးပါး ရင်းနှီးမြှုပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Selena Gomez၊ Mandy Teefey နဲ့ Daniella Pierson တို့က Wondermind က အမြတ်အစွန်းရရှိနိုင်တဲ့ ထူးခြားတဲ့ စိတ်ကျန်းမာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပလက်ဖောင်းတစ်ခုအဖြစ် စတင်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံ၊ ခေါင်းဆောင်မှုနဲ့ အရင်းအမြစ်တွေ အပြည့်အဝရှိနေပြီဆိုပြီး မှားယွင်းတဲ့ အချက်အလက်တွေ ပေးခဲ့တယ်လို့ တရားလိုဘက်က စွပ်စွဲထားတာပါ။
အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး Daniella Pierson ရဲ့ ကိုယ်စားလှယ်ကတော့ Pierson အနေနဲ့ စွပ်စွဲချက်အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး အမှန်တရားကို ဖော်ထုတ်နိုင်မယ့် စာရွက်စာတမ်းတွေနဲ့ ငွေကြေးမှတ်တမ်းတွေကို တရားရုံးမှာတင်ပြဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
Pierson ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးကို ကိုယ်ရေးကိုယ်တာအသုံးစရိတ်တွေအတွက် အသုံးပြုခဲ့ခြင်း မရှိဘူးလို့လည်း သူမဘက်က ဆိုပါတယ်။ အဲဒီအစား သူမကိုယ်တိုင် လုပ်ငန်းထဲကို ငွေကြေးထည့်ဝင်ခဲ့ပြီး ကုမ္ပဏီထံက လစာတောင် ရယူခဲ့ခြင်းမရှိဘူး လို့ တုံ့ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ Selena Gomez နဲ့ သူမရဲ့ မိခင် Mandy Teefey ဘက်က ဒီတရားစွဲဆိုမှုအပေါ် ဘယ်လိုတုံ့ပြန်ထားသလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

