၁၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး ကာရိုလိုင်း လီးဗစ် (Karoline Leavitt) ဟာ မိသားစုကို အချိန်ပိုပေးနိုင်ဖို့အတွက် ဒီလကုန်မှာ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ရာထူးကနေ နှုတ်ထွက်သွားပေမဲ့လည်း လီးဗစ်ဟာ ထိပ်တန်း ပြင်ပအကြံပေးတစ်ဦးအနေနဲ့ ဆက်လက်ရှိနေမှာဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီအတွင်း ဩဇာညောင်းတဲ့ အသံတစ်သံအဖြစ် ဆက်လက် ပါဝင်ဆောင်ရွက်သွားမယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။
လီးဗစ်ကလည်း သူမရဲ့ X (Twitter) စာမျက်နှာမှာ ရာထူးကနှုတ်ထွက်ကြောင်း အတည်ပြု ရေးသားခဲ့ပါတယ်။ ကလေးငယ်နှစ်ဦးရဲ့ မိခင်တစ်ဦးအနေနဲ့ မိသားစုတာဝန်နဲ့ အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး ရာထူးရဲ့ ဖိအားများတဲ့ တာဝန်တွေကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီ မလုပ်ဆောင်နိုင်တော့တဲ့အတွက် အခုလို ဝမ်းနည်းဖွယ် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
“လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော် ကာလအတွင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူးအဖြစ် အမှုထမ်းခွင့်ရခဲ့တာဟာ ကျွန်မဘဝရဲ့ ဂုဏ်ယူစရာနဲ့ အမျှော်လင့်ရဆုံး စွန့်စားခန်းတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ လီးဗစ်က ရေးသားထားပြီး အိမ်ဖြူတော် အနောက်ဘက်ဆောင် (West Wing) မှာ တာဝန်ထမ်းဆောင်ခွင့်၊ ခရီးသွားလာခွင့်နဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားပြုခွင့်ပေးခဲ့တဲ့အတွက် သမ္မတ ထရမ့်ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သမီးငယ်ကို မွေးဖွားပြီးနောက် အိမ်ဖြူတော်ကို ပြန်လည်ဝင်ရောက်ခဲ့တဲ့ အချိန်ကစလို့ အလုပ်နဲ့ မိသားစုကြား အခက်အခဲတွေကို စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရကြောင်းနဲ့ ကလေးတွေအတွက် ထိုက်တန်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်လာစေဖို့ ဘဝရဲ့ အခန်းကဏ္ဍသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

