၁၂ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင်ချန်ဗီရာကွန်က ယနေ့ ဩဂုတ်လ (၁၁) ရက်နေ့မှာ သေနတ်လိုင်စင်များထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်ပြီး လက်ရှိထုတ်ပေးထားတဲ့ လိုင်းစင်များကိုလည်းပြန်လည် စိစစ်သွားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ အသက် (၁၄)နှစ်အရွယ် ကျောင်းသားတစ်ဦးက ကျောင်းသား/သူ အပါအဝင် လူ (၉)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်အပြီးမှာ ပြောဆိုလာတာဖြစ်ပြီး ဥပဒေရေးရာကိစ္စတွေကိုတော့ ကြီးကြပ်နေတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပကွန်နီလ်ပရာဖန်က သေနတ်ထိန်းချုပ်ရေးဥပဒေသစ်တစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်မည်လို့လည်း ဆိုပါတယ်။
လက်ရှိ ထုတ်ပြန်ပြဌာန်းမယ့် ဥပဒေသစ်မှာ သေနတ်များအပေါ် ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုများ လက်ရှိထက် သိသိသာသာပိုမိုပြင်းထန်သော ပြစ်ဒဏ်များကိုထည့်သွင်း သတ်မှတ်သွားမှာဖြစ်ပြီး သေနတ်ဝယ်ယူရာတွင် ခွင့်ပြုထားတဲ့ လိုင်စင်များကို သက်တမ်းတိုးပေးခြင်းအား ရပ်ဆိုင်းကာ တရားမဝင်သေနတ်များနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း နိုင်ငံတော်ထံ ပြန်လည်အပ်နှံရမယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းဆောင်ရွက်ဖို့လည်း ပြုလုပ်နေတာဖြစ်ပါတယ်။
လက်နက်ငယ်များဆိုင်ရာ နိုင်ငံတကာသုတေသနအဖွဲ့ရဲ့အဆိုအရ ထိုင်းနိုင်ငံရှိ အရပ်သားများပိုင်ဆိုင်ထားတဲ့ သေနတ်အရေအတွက်ဟာ ခန့်မှန်းခြေ (၁၀.၃)သန်းရှိပြီး လူဦးရေ (၁၀၀)လျှင် သေနတ် (၁၅) လက်ခန့် ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး ပရာဆတ်ဂျန်တာရူအန်တုံက ကျောင်းများကိုလုံခြုံရေး ပိုမိုတင်းကျပ်စေတဲ့ အစီအမံအသစ်တွေကို ရေးစွဲပြီး အစိုးရ အစည်းအဝေးထံ တင်ပြပြီးအစီအမံများတွင် ကျောင်းပတ်ဝန်းကျင်အတွင်း ဝင်ရောက်လာသူအားလုံးကို တရားမဝင်ပစ္စည်းများနှင့် လက်နက်များပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

