Language:

ဩဂုတ်လ (၁၄) ရက်အထိ နိုင်ငံတစ်ဝန်း မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ဟု မိုး/ဇလ သတိပေး


ဩဂုတ်လ (၁၄) ရက်အထိ နိုင်ငံတစ်ဝန်း မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ဟု မိုး/ဇလ သတိပေး

၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေတဲ့အပြင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေတာကြောင့် လာမယ့် ဩဂုတ်လ (၁၄) ရက်အထိ နိုင်ငံတစ်ဝန်းမိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဩဂုတ်လ (၁၁)ရက်မှ သတိပေးထုတ်ပြန်ထားပါတယ်။

မိုး/ဇလ ရဲ့ သတိပေးချက်ထဲမှာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ် (၁၄)ခုလုံး ဩဂုတ်လ (၁၄) ရက်အထိ မိုးရွာနိုင်တယ်လို့ဆိုထားပြီး အဲဒီအထဲမှာ အဆိုးရွားဆုံး ရေဘေးဒဏ်ခံနေရတဲ့ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်၊ မွန် နဲ့ ရှမ်းပြည်နယ်တို့လည်း ပါဝင်နေပါတယ်။

ဒီလအစောပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာ ၊ ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်း ၊ စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ခင်ဦး ၊ ကောလင်း ၊ မန္တလေးတိုင်းအတွင်းက မတ္တရာ၊ အမရပူရ၊ ကျောက်ဆည် ၊ ကရင်ပြည်န ယ်က ဘားအံ နဲ့ ရှမ်းပြည်အတွင်း မြို့နယ်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူ (၄) သိန်းဝန်ကျင်လောက် ရေဘေးဒဏ်ခံနေရပါတယ်။

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသတွေမှာ လူသေဆုံးတာတွေရှိနေပြီး ဒီကနေ့ ဩဂုတ်လ (၁၁)ရက်အထိ ရေဘေးကြောင့် အနည်းဆုံး လူ(၁၈)ဦးလောက် သေဆုံးထားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေနဲ့ လူမှုကူညီရေးအသင်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မိုး/ဇလရဲ့ သတိပေးချက်တွေအရ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အပြင် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့လည်း သတိပေးထားပါတယ်။

#ရာသီဥတု

#မိုးလေဝသ

#မိုးဆက်တိုက်ရွာသွန်း

#ပြည်နယ်နှင့်တိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin