၁၂ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်အတွင်း ဖေဖော်ဝါရီ (၄)ရက်နေ့က အွန်လိုင်းဂိမ်းဆိုဒ်လုပ်ကိုင်နေသူ အယောက် (၂၀၀) ကျော် ဖမ်းဆီးခံရတဲ့အမှုမှာ ( ၆ )လကျော် ကြာမြင့်လာပြီဖြစ်ပေမယ့် တာချီလိတ်တရားရုံးက ယနေ့အချိန်အထိ အပြီးသတ် အမိန့်မချမှတ်သေးဘူးလို့ သိရှိရပါတယ်။
သြဂုတ်လ (၁၁) ရက်နေ့တွင် တာချီလိတ်အားကစားရုံမှာ တရားရုံးအဖြစ် ကြားနာမှုပြုလုပ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်ထားကြတာဖြစ်ပါတယ်။
အမှုအတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်တဲ့အတွက် ဒီကနေ့မှာ စုံစမ်းစစ်ဆေးရေးအရာရှိ (IO) ကို တရားရုံးက တရားလိုပြသက်သေအဖြစ် ဆက်လက်စစ်ဆေးနေတာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေသူ အမျိုးသားရှေ့နေတစ်ဦးဆီက သိရပါတယ်။
“ရုံးချိန်းတွေ လာရတော့ စိတ်လည်းပင်ပန်းတယ်။ လူလည်းပင်ပန်းတယ်။ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အပြစ်ရှိရင်ရှိသလို အပြစ်မရှိရင်လည်း မရှိသလိုပေါ့။ အဲ့လိုမျိုးမြန်မြန်ပြီးစေချင်တယ်လို့” အမှုအတွင်း ဖမ်းဆီးခံရသူ အမျိုးသမီးရဲ့ ဖခင်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အယောက် (၂၀၀)ကျော်ထဲတွင် ဒီအမှုနှင့်မသက်ဆိုင်တဲ့ ပစ္စည်းပို့ဆောင်ရေးဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းနှင့် အသက်မပြည့်သေးတဲ့ (၁၄) နှစ်အရွယ် ကလေးတစ်ဦးပါ ပါဝင်တာဖြစ်တယ်လို့ ဖမ်းဆီးခံရသူထဲက မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူများမှာ အွန်လိုင်းဂိမ်းဆိုဒ်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားများဖြစ်ပြီး ဂိမ်းဝက်ဆိုက်ပိုင်ရှင်များကိုတော့ အခုထိ ဖမ်းဆီးခံရခြင်း မရှိသေးဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး တစ်ချို့သော အွန်လိုင်းဂိမ်းဝက်ဆိုဒ်ပိုင်ရှင် သူဌေးတချို့က အမှုရင်ဆိုင်နေရတဲ့သူတွေကို လစဉ် ထမင်းဖိုးဘတ် (၃၅၀၀) ပေးပြီး အချို့သူဌေးတွေကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ထမင်းဖိုးပေးတာ၊ ပြန်လည်ကြည့်ရှုစောင့်ပေးတာ မရှိဘူးလို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဧည့်သည်တွေ့ခွင့်ရချိန်မှာတော့ ဖမ်းဆီးခံထားရတဲ့ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက “အိမ်ကို မြန်မြန်ပြန်ချင်တယ် အမေ” ဟု မိခင်ဖြစ်သူအား ရင်ဖွင့်ပြောဆိုခဲ့ကြောင်း မိခင်က အရှေ့သံလွင် သတင်းထောက်ကို ပြန်လည်ပြောပြပါတယ်။
အမှုမှာ အချိန် (၆)လကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက် အပြီးသတ်စီရင်ချက် ပြစ်မှု၊ ပြစ်ဒဏ် အမြန်ချမှန်စေလိုပြီး အပြစ်မရှိတဲ့သူတွေကို အမြန် လွတ်မြောက်စေလိုတယ်လို့ ဖမ်းဆီးခံရသူများရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး (၆)လပြည့်လျင် လွှတ်ပေးမှာဖြစ်တဲ့အတွက် တစ်ဦးကို ဘတ်(၃)သောင်းစီပေးရန် အမှုပွဲစားတွေဆီကတဆင့် အမှုသည်တွေရဲ့ မိသားစုဝင်တွေဆီ လာရောက် ငွေကြေးတောင်းတာတွေလည်း ရှိသလို တစ်ခါဧည့်တွေ့လျှင် ဘတ်(၃၀၀) ပေးနေရတဲ့အတွက် အချို့ငွေကြေးချို့တဲ့သူတွေအတွက် အခက်အခဲတွေဖြစ်နေပြီး ဖမ်းဆီးခံထားရတဲ့ သူတွေထဲမှာ အချို့က တစ်နယ်တစ်ကျေးမှ လာရောက်အလုပ်လုပ်ကိုင်သူတွေ ပါဝင်တဲ့အတွက် ဆွေမျိုးမိဘနဲ့ ဝေးကွာပြီး အခက်အခဲဖြစ်နေကာ နယ်ခံကလေးတွေက ပြန်လည် စောင့်ရှောက်ထားရတယ်လို့လည်း မိသားစုဝင်တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ်က ပြန်လည်ပြင်ဆင်ထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)အရ မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြုပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်အနည်းဆုံး (၅)နှစ်မှ အများဆုံး (၇)နှစ်အထိ ချမှတ်ရနိုင်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

