၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ရှမ်းပြည်နယ်အရှေ့ပိုင်းကို ပြေးဆွဲနေတဲ့ Probox နဲ့ AD Van ကားတွေမှာ အောက်တိုဘာ ၁ ရက်ကစပြီး ကားအမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ခွင့်ကို ကန့်သတ်ထားပါတယ်။
အဲဒီလို ကန့်သတ်လိုက်တာကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးက ရရှိတဲ့ ဝင်ငွေ လျော့နည်းသွားပေမဲ့ ခရီးသည်တင်ကားခကိုတော့ ပုံမှန်အတိုင်း ကောက်ခံနေတယ်လို့ ယာဉ်မောင်းတချို့က ပြောပါတယ်။
ငွေဟင်္သာကားဂိတ်က ယာဉ်မောင်းတစ်ဦးကတော့ ကားအမိုးပေါ် ကုန်ပစ္စည်းတင်ခွင့် ကန့်သတ်လိုက်တဲ့အတွက် ကုန်တင်ပို့ဆောင်ရေးက ရရှိတဲ့ ဝင်ငွေ သုံးပုံတစ်ပုံလောက် လျော့ကျသွားပေမဲ့ ခရီးသည်တင်ကားခကိုတော့ မတိုးထားဘူးလို့ အရှေ့သံလွင်ကို ပြောပါတယ်။
“ကားခတော့ ဈေးမတက်ဘူးခင်ဗျ။ ကျွန်တော်တို့က ပုံမှန်အတိုင်းပဲ ကောက်ခံတယ်။ အခုက တောင်ကြီးဘက်ကနေ ပစ္စည်းတွေကို ကားအမိုးပေါ်တင်ခွင့် မပြုတော့ဘူးဆိုတော့ အရင်က ၁၀ သိန်းလောက်ရရင် အခု ၇ သိန်းလောက်ပဲ ကျန်တော့တယ်။ သုံးပုံပုံရင် တစ်ပုံလောက်တော့ လျော့သွားတာပေါ့” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ခရီးသည်တွေရဲ့ ပြောကြားချက်အရတော့ ကားခနှုန်းထားတွေဟာ အရင်ခရီးစဉ်တွေနဲ့ နှိုင်းယှဉ်ရင် မြင့်တက်လာတာမျိုးလည်း ရှိနေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျောင်းသွားတက်နေတဲ့ ကျောင်းသူတစ်ဦးက အရင်ခရီးစဉ်တုန်းက ကားခ ၁၂၀,၀၀၀ ကျပ် ပေးခဲ့ရပေမဲ့ အခုတစ်ခေါက်မှာတော့ ၁၅၀,၀၀၀ ကျပ်အထိ ပေးခဲ့ရတယ်လို့ ပြောပါတယ်။
“တက်တယ်၊ နည်းနည်းတက်သွားတယ်။ ပထမတစ်ခေါက် ညီမသွားတုန်းက ၁ သိန်း ၂ သောင်းပေးရတယ်။ အခု ဒီတစ်ခေါက် ကျောင်းပြန်တက်တော့ ကားခက တစ်သိန်းခွဲပေးရတယ်” လို့ အဲဒီကျောင်းသူက အရှေ့သံလွင်ကို ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ပြေးဆွဲနေတဲ့ ကားဂိတ်တွေအကြား ကားခနှုန်းထားတွေ မတူညီကြဘဲ ခရီးအကွာအဝေး၊ လမ်းအခြေအနေနဲ့ သယ်ယူပို့ဆောင်တဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ပမာဏတို့အပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကားဂိတ်တချို့မှာတော့ ခရီးစဉ်အလိုက် ကားခကို ကျပ်တစ်သိန်းကနေ တစ်သိန်းခွဲအထိ ကောက်ခံနေတယ်လို့ ခရီးသွားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါကြောင့် ယာဉ်မောင်းတချို့က ခရီးသည်တင်ကားခ မတိုးထားဘူးလို့ ပြောဆိုထားပေမဲ့ ခရီးသည်တချို့ကတော့ ကားခပိုပေးရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကားခနှုန်းထား မြင့်တက်လာတာဟာ ကားအမိုးပေါ် ကုန်တင်ခွင့် ကန့်သတ်ချက်ကြောင့်လား၊ ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့်လားဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိ ကန့်သတ်ချက်ကြောင့် ကားအမိုးပေါ်မှာ တင်ဆောင်နိုင်တဲ့ ကုန်ပစ္စည်းပမာဏ လျော့နည်းလာပြီး ကုန်တင်ပို့ဆောင်ရေးက ရရှိတဲ့ ဝင်ငွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
ခရီးသည်တွေအတွက်လည်း ကားဂိတ်နဲ့ ခရီးစဉ်အလိုက် ကားခနှုန်းထားတွေ ကွာခြားနေတာကြောင့် ခရီးမထွက်ခင် သက်ဆိုင်ရာကားဂိတ်တွေမှာ ကားခကို ကြိုတင်စုံစမ်းဖို့ လိုအပ်နေပါတယ်။

