၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မှာ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ဖမ်းဆီးရမိသူတွေကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့မှာ မဲဆောက်မြို့ကို ဝင်စစ်ခဲ့ပြီး ဒီစစ်ဆေးမှုမှာ လူ ၂၀၀ ကျော် ဖမ်းဆီးခံရကာ ဖမ်းမိသူတွေဟာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံမဲ့ လူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးမှုကို မနက်အစောပိုင်းမှာ လုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်တွေ၊ နေအိမ်တွေ၊ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကို တစ်ပြိုင်နက် ဝင်စစ်ဆေးခဲ့ကာ ဖမ်းဆီးရမိတဲ့ သူတို့မှာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်း မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
မြန်မာတွေ အများဆုံးနေတဲ့ ရပ်ကွက်လည်း စစ်ဆေးခံရကာ စစ်ဆေးမှုမှာ ရဲတပ်ဖွဲ့အပြင် လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်၊ နယ်ခြားစောင့် ရဲနဲ့ ခရီးသွား ရဲတွေလည်း ပါဝင်ခဲ့တယ်။
မဲဆောက် လေဆိပ်နဲ့ စစ်ဆေးရေး ဂိတ်မှာလည်း လူတွေကို စစ်ဆေးခဲ့ပြီးအဲဒီနေရာတွေမှာ နိုင်ငံခြားသား ၁၆ ဦးကို ထပ်တွေ့ခဲ့ကာ အဲဒီ ၁၆ ဦးထဲမှာ တရုတ် ၈ ဦး၊ ပါကစ္စတန် ၅ ဦး၊ အိန္ဒိယ ၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁ ဦးနဲ့ ဟောင်ကောင် ၁ ဦး ပါဝင်ပြီး ၎င်းတို့ကို ဆက်ပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မဲဆောက်ဟာ မြန်မာပြည်က လူတွေ အများဆုံး ဝင်လာတဲ့ နယ်စပ်မြို့ ဖြစ်လို့ မြို့ရဲ့ တစ်ဖက်မှာ မြဝတီမြို့ ရှိရာ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေလည်း ဒီဒေသမှာ များပြားနေတာကြောင့် ရဲက ဖမ်းမိသူတွေထဲမှာ လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်နွယ်သူတွေ ပါ/ မပါ စုံစမ်းနေပါတယ်။
“စစ်ဆေးမှုမှာ မူးယစ်ဆေး အမှု ၈ မှု တွေ့ခဲ့တယ်။ အဲဒီအမှုတွေထဲမှာ ဆေးပြားနဲ့ ဘိန်းဖြူ အမှုတွေ ပါတယ်။ အွန်လိုင်း လောင်းကစား အမှု ၆ မှုလည်း တွေ့ခဲ့တယ်။ သေနတ်နဲ့ ကျည်ဆန် လက်ဝယ်ထားတဲ့ အမှုတွေလည်း ပါလာတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း မဲဆောက်မှာ စစ်ဆေးမှုတွေ ရှိခဲ့တယ်။ အဲဒီတုန်းက မြန်မာ ၄ ဦး ဖမ်းဆီးခံရတယ်။ သူတို့မှာ အလုပ်လုပ်ခွင့် မရှိဘူး။” လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တာ့ခ်ပြည်နယ် ရဲမှူးချုပ် ဆုံဖွန် ဆန်ခါဆင် ကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့ကာ၀ ဒီလုပ်ဆောင်မှုဟာ အစိုးရရဲ့ မူဝါဒ အရ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပြီး ဒီစစ်ဆေးမှုကို အောက်တိုဘာ ၁၇ ရက်နေ့ ကျရောက်တဲ့ ရဲတပ်ဖွဲ့နေ့မှာ လုပ်ခဲ့တာ ဖြစ်ကာ ဖမ်းမိသူ အားလုံးကို မဲဆောက် ရဲစခန်းသို့ ပို့ထားပါတယ်။
သူတို့ကို စုံစမ်းရေးမှူးတွေဆီ လွှဲအပ်ထားပြီး အမှုတွေကို ဥပဒေ အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပြီး မဲဆောက် ခရိုင် ရဲမှူးချုပ်နဲ့ တာ့ခ် ပြည်နယ် စုံစမ်းရေးမှူးတွေလည်း ဒီအမှုမှာ ပါဝင်နေတယ်လို့ သ်ရပါတယ်။
စုံစမ်းမှုကို ဆက်ချဲ့သွားဖို့ အထက်က ညွှန်ကြားထားကာ နယ်စပ်ဒေသမှာ ရာဇဝတ်မှုတွေ လျော့အောင် ဒီလို စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
#ထိုင်း-မြန်မာ

