၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ထိုင်းအမျိုးသမီးငယ် ကျောင်းသူတစ်ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သည့် အသက်(၁၂)နှစ်အရွယ် မြန်မာ ကျောင်းသူတစ်ဦးကို ဖူးခက်ကလေးသူငယ် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစင်တာမှာ ရက်ပေါင်း (၃၀)ကြာ ထိန်းသိမ်းထားရန် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လ (၁၀)ရက်နေ့ကလည်း(ချိန်းသာလေး)ရဲစခန်းမှာ စုံစမ်းစစ်ဆေးအရာရှိများက ဖူးခက်ပြည်နယ် အစိုးရရှေ့နေ၊ စိတ်ပညာရှင်နှင့် ကလေးကိုယ်တိုင် တောင်းဆိုထားသည့် ပူးပေါင်းပါဝင်သူများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စွပ်စွဲချက်များကို တရားဝင် အသိပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ဩဂုတ်လ (၁၁)ရက်နေ့မှာလည်း(ချိန်းသာလေး)ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများက စွဲချက်တင်ပြီး (၂၄)နာရီအတွင်း မြန်မာမိန်းကလေးငယ်ကို (ဖူးခက် ကလေးသူငယ်နှင့် မိသားစုတရားရုံး)သို့ ခေါ်ဆောင်သွားကာ ပြစ်ဒဏ်အတွက် ရက်ပေါင်း(၃၀)ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။
မြန်မာမိန်းကလေးငယ်ရဲ့ အပြုအမှုတွေက အခြားသူများအပေါ် ပြင်းထန်စွာ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြစ်ဒဏ်ကို ထိန်းသိမ်းထားသည့် ကာလအတွင်း တစ်ကြိမ်လျှင် အများဆုံး (၁၅)ရက်ထက် မပိုစေရနှင့် စုစုပေါင်း (၂) ကြိမ်ထက် မပိုစေရဟု သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
အမှုကို အပြီးသတ်ဆုံးဖြတ်ပြီးနောက် သက်ဆိုင်ရာဥပဒေအရ လုပ်ဆောင်ရမည့် အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ထိုအထဲတွင် အမှုကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာသို့ လွှဲပြောင်းစဥ်းစားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
စွပ်စွဲခံရသူမှာ ကလေးသူငယ်ဖြစ်သည့်အတွက် ဖခင်နှင့် မိခင်နှစ်ဦးစလုံး အလုပ်လက်မဲ့ဖြစ်သွားတဲ့အပေါ် ကလေးငယ်၏ အကောင်းဆုံးအကျိုးစီးပွားနှင့် အခွင့်ရေးများကို ထည့်သွင်းစဥ်းစားရမည်ဖြစ်ပြီး ကလေးငယ်ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်စေမည့် ကိုယ်ရေးအချက်အလက်များကို ဖော်ပြခြင်းမှလည်း ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

