၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
(အယ်ဒီတာ့ အာဘော်)
(၅)နှစ်အရွယ် ငယ်စဉ်ကတည်းက စိတ်ဓာတ်-စည်းကမ်း-ပညာ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ထားတဲ့ စာသင်ကျောင်းဆိုင်းဘုတ် အပေါက်ဝအောက်ကို ကျော်ဖြတ်ပြီး ပညာသင်ကြားခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် အဲ့ဒီစာသားဟာ အသုံးမဝင်တဲ့ အရာကြီးတစ်ခုပမာ ဖြစ်တည်နေခဲ့တာ နေသားကျနေပီလား။
ယခင်က စည်းမဲ့တာတွေ ကမ်းမရှိတာတွေ ထားလိုက်ပါတော့။ အတိတ်ဆိုတာ ပြန်လှန်နေယုံနဲ့ အရွေ့ဆိုတာဖြစ်မလာဘဲ နောက်ပြန်လှည့်သွားတက်တာဘဲ ကြုံတွေ့ခဲ့ရတာ အများသားမလား။ ဒါကြောင့် လက်ရှိကိုသာ အကောင်းဆုံးဖြစ်တည်ဖို့ ရှေ့ရှုကြတာပေါ့လို့ အတွေးတွေ ရင်ဝယ်ပိုက်ပြီး ကိုယ်လက်ရှိ မှီတင်းနားခိုရာ မြို့လေးအတွက် အိမ်နီးချင်းမြို့လေးနဲ့ယှဉ်ပြီး စည်းကမ်းမဲ့နေမှုရှက်နေရတာလေး လျော့သွားလေမလားဆိုပြီး မြို့လေးရဲ့ စည်းမဲ့မှုလိုအပ်ချက်လေးတွေ မီဒီယာအားနဲ့ တွန်းကြည့်ပါရဲ့ ယခုထိတော့ ရွေ့မလာဘဲ အရင်လို ဟန်ဆောင်ကောင်းနေကြတုန်းပါဘဲလား။
စာရွက်ပေါ်မှာ စည်းကမ်းတွေရေးပြီး ကပ်ထားယုံနဲ့ မလုံလောက်၊ စည်းကမ်းတွေ ဘယ်လောက်များတယ်ဆိုတာထက် စည်းကမ်းတွေကို လက်တွေ့ဘယ်လောက်အထိ လိုက်နာအောင် ဆောင်ရွက်ထားသလဲဆိုတာက ပိုအရေးကြီးပါတယ်။
စည်းကမ်းတစ်ခုကို ထုတ်ပြန်ပြီးတဲ့နောက် လိုက်နာသူကို ချီးကျူးပေးရသလို မလိုက်နာသူကိုလည်း သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရတာ ဓမ္မတာပါ။
ဒါပေမယ့် လက်တွေ့မှာတော့ စည်းကမ်းထုတ်ပြန်တာ၊ ဆိုင်းဘုတ်တပ်တာ၊ အသိပညာပေးတာတွေနဲ့ပဲ အဆုံးသတ်သွားပါလေရော။ လမ်းမပေါ်မှာ ကားမရပ်ရတဲ့နေရာကို သိသိကြီးနဲ့ ကားရပ်ထားပေမယ့် အရေးယူသူမရှိတော့ နောက်တစ်ယောက်ကလည်း “သူရပ်တာ ဘာမှမဖြစ်ဘူး” ဆိုပြီး လိုက်ရပ်လာရော။ ဟော အမှိုက်မပစ်ရလို့ ဆိုင်းဘုတ်ထောင်ထားပင်မဲ့ အမှိုက်ပစ်သူကို ဘယ်သူမှ မတား၊ ပစ်လည်း အရေးမယူတော့ စည်းကမ်းချိုးဖောက်နေသူတွေကို တာဝန်ရှိသူတွေက မမြင်ချင်ယောင်ဆောင်နေသလို ပြည်သူတွေက ခံစားလာတော့ မေးရပြီပေါ့။ စည်းကမ်းရှိဖို့ မလိုတာလား၊ တာဝန်ရှိသူတွေက ပြည်သူတွေ စည်းကမ်းရှိသွားမှာ ကြောက်နေတာလားပေါ့။
ဒီလိုနဲ့ ဘာစည်းကမ်းထုတ်ထုတ် ေ-က်ဂရုမစိုက်တော့တာ ဒို့မြန်မာလို့ ကဗျည်းထိုးရမလိုဖြစ်နေပါပြီ။
အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့အခါ အခုလို စည်ကမ်းမဲ့ရဲလား ပြန်တွေးကြည့်ကြပါ။ ဘာကြောင့် စည်းကမ်းမမဲ့ရဲတာလဲ၊ သူတို့တွေက သူတို့နိုင်ငံက ထုတ်ထားတဲ့ စည်းကမ်းတွေကို လေးစားကျတယ် ၊ လိုက်နာကျတယ် ၊ မလေးစားမလိုက်နာရင် တာဝန်ရှိသူတွေကလည်း ကျောသားရင်သားမခွဲဘူး။ ဥပဒေအရ အရေးယူကျတယ်။
စည်းကမ်းမဲ့ရတာကို ရှက်စရာလို့ မြင်တက်ကျတယ်၊ တာဝန်မဲ့မှုကို လျစ်လျူမရှုကျဘူး။
ဒါကြောင့် ပြည်သူတွေဘက်က စည်းကမ်းကို ကိုယ်တိုင်လိုက်နာရမှာဖြစ်သလို စည်းကမ်းကို လူတစ်ဦးတစ်ယောက်အတွက် မျက်နှာလိုက်ပြီး အရေးယူတာမျိုးမဟုတ်ဘဲ လူတိုင်းအပေါ် တစ်ပြေးညီ၊ တိတိကျကျနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်တက်တဲ့ အရွေ့ကိုသွားရဖို့ တာဝန်ရှိသူတွေကိုယ်တိုင် လိုက်နာဆောင်ရွက်ရမယ် မဟုတ်ပါလား။
အခုလည်း စည်းကမ်းချိုးဖောက်သူကို အရေးမယူ ၊ ကိုယ်တိုင်လည်း စည်းကမ်းမလိုက်နာဘဲ စည်းကမ်းစာတမ်းတွေ ထပ်ထုတ်နေခြင်းဟာ “ဘယ်သူမှ အရေးမယူပါဘူး” ဆိုတဲ့ အတွေးနဲ့ ရိုးရာမပျက် စည်းကမ်းမဲ့လျက်ဘဲ ဖြစ်နေအုန်းမှာပါ။ ဒါကြောင့်မို့ တွန်းသူရှိနေပေမယ့် ရွေ့ဖို့ကို ပြည်သူလူထုကော တာဝန်ရှိသူများပါ ပူးပေါင်းပါဝင် ရွေ့လိုပါ့မလား ဆိုတဲ့ အတွေးများနဲ့။
#တွန်းလို့ကော် ရွေ့ပါ့မလား

