Language:

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ထိုင်း နွမ်သာဘူရီကျောင်း လုံခြုံရေး တင်းကြပ်စွာနဲ့ ပြန်ဖွင့်


ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ထိုင်း နွမ်သာဘူရီကျောင်း လုံခြုံရေး တင်းကြပ်စွာနဲ့ ပြန်ဖွင့်

၁ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ထိုင်းနိုင်ငံ ဒီဘရင်စင် နွမ်သာဘူရီ စာသင်ကျောင်းမှာ သြဂုတ် (၇) ရက်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အွန်လိုင်းကနေ စာသင်ကြားပို့ချခဲ့ပြီးနောက် ပထမဆုံး အကြိမ်အနေနဲ့ သြဂုတ် (၃၁)ရက်က အတန်းများ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရတယ်။

နွမ်သာဘူရီခရိုင်၊ ဘန်ခရိုင်ဒေသရှိ အဆိုပါစာသင်ကျောင်း ပြန်ဖွင့်တဲ့နေ့မှာ ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးအသေအချာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ကျောင်းပြန်ဖွင့်ချိန် ဆရာ၊ ဆရာမများနဲ့ ကျောင်းအမှုထမ်းများက ဝင်ပေါက်မှာ နေရာယူထားပြီး ကျောင်းသား၊ ကျောင်းသူများရဲ့ ယူဆောင်လာတဲ့ ပစ္စည်းတွေကို စစ်ဆေးခဲ့ပါတယ်။

ကျောင်းဝင်းထဲသို့ လက်နက်များနဲ့ အခြား သံသယ ဖြစ်စရာ ပစ္စည်းတွေ ယူဆောင်မလာစေရေး ကျောင်းအရာရှိတွေက စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။

အဆိုပါ ကျောင်းမှာ အသက် ၁၄ နှစ် အရွယ် သေနတ်သမားရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သူ့ရဲ့ အဘိုးအဘွား နှစ်ဦး ၁၂ နှစ် အရွယ် ကျောင်းသူ တစ်ဦး ဆရာ၊ ဆရာမ ၅ ဦး အပါအဝင် ၉ ဦး သေဆုံးပြီး သုံးပတ် အကြာမှာ ကျောင်းကို ပြန်ဖွင့်တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ မိမိကိုယ်ကို ပစ်ခတ် အဆုံးစီရင်ခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ချိန် သေဆုံးခဲ့ရပြီး အခြား (၂၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း အသုံးပြုခဲ့တဲ့ သေနတ်ဟာ မှတ်ပုံတင်ထားတဲ့ သေနတ်ဖြစ်ပြီး အဆိုပါ ဆယ်ကျော်သက် ကျောင်းသား ဘယ်လို ရရှိခဲ့တာလဲဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ပြောကြားပါတယ်။

စောစောပိုင်း သတင်းများအရ အဆိုပါ သေနတ်ဟာ သူ့အဘိုးပိုင်ဆိုင်တဲ့ သေနတ် ဖြစ်တယ်လို့ သိရှိထားပြီး မိသားစု၊ ကျောင်းနဲ့ သူငယ်ချင်း ပြဿနာတွေ အပါအဝင် အကြောင်းရင်းများစွာကြောင့် အဆိုပါ လူငယ် တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

အဆိုပါ လူငယ်ဟာ အွန်လိုင်းမှာ (၂)နှစ်လောက် လက်နက်ခဲယမ်းများအား လေ့လာဖူးပြီး အရင်က ကျောင်းသို့ ခဲသီး သေနတ်ယူဆောင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

#ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့

#ထိုင်းနွမ်သာဘူရီကျောင်း

#လုံခြုံရေးတင်းကြပ်စွာနဲ့ပြန်ဖွင့်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin