၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့ ကျောက်တောင်ရပ်ကွက်မှ ငွေစေတီကုန်းပေါ်သို့ တက်ရောက်တဲ့ လမ်းတစ်လျှောက် ညနေတိုင်း စက်ဘီးစင်းနင်းသူ၊ တောင်တက်လမ်းလျှောက်သူများ နေ့စဉ်ပုံမှန်အားကစားလုပ်ကိုင်သူများရှိရာ လူငယ်တွေ တောင်ကုန်းတစ်လျှောက် ကထောင့်(ဘိန်းစာရွက်ရည်)နဲ့ အရက်ဘီယာ သောက်စားနေကြတာတွေရှိတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ အားကစားလုပ်သူ အပန်းဖြေရှုခင်းကြည့်သူတွေက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့တွင်းမှ လူငယ်အချို့ ဆိုင်ကယ်အိပ်ဇောတပ်ကာ ကျယ်လောင်စွာစီးနင်းတက်ရောက်လာပြီး ကထောင့်(ဘိန်းစာရွက်ပြုတ်ရည်)နဲ့ အရက်ဘီယာ ထိုင်သောက်တာတွေ ရှိနေတာ ဖြစ်ပါတယ်။
“တချို့ကလေးတွေ အချင်းချင်းရန်ဖြစ်တာတွေလည်းရှိတယ်။ တောင်ပေါ်မှာက ဘုရားနဲ့ တရားနဲ့ အေးချမ်းတဲ့နေရာ။ သူတို့ အဲ့လိုကြီး ဆေးခြောက်ထိုင်သောက်၊ ကထောင့်၊ ဘီယာအရက်ထိုင်သောက်တာ မြင်လို့လည်း မကောင်းဘူး။ အားကစားလုပ်တဲ့ သူတွေကိုလည်း အနှောင့်အယှက်ဖြစ်တယ်။ သက်ဆိုင်ရာက လူကြီးတွေ ထိန်းသိမ်းစေချင်တယ်”လို့ တောင်တက်အားကစားလုပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ငွေစေတီတောင်ကုန်းပေါ်မှ လေကောင်းလေသန့်ရရှိတာကြောင့် တာချီလိတ်နဲ့ မယ်ဆိုင်မြို့ ရှုခင်းကြည်ရှုပြီး အားကစားအနေနဲ့ တောင်တက်သူ လူကြီးနဲ့ လူငယ်အများအပြား နေသာတဲ့နေ့တွေမှာ တောင်ကုန်းပေါ် လမ်းလျှောက်တက်သူနဲ့ ရှုခင်းကြည့်ရှုသူများ နေ့စဉ် လူဦးရေ (၅၀)ခန့် ရှိတယ်တယ်လို့ သိရှိရပါတယ်။
တာချီလိတ်မြို့မှာ တောင်တက်အားကစားကို ကျိုက်ထီးရိုးတောင် စေတီနဲ့ ကျောက်တောင် ငွေစေတီကုန်းပေါ် တက်ရောက်တာတွေ နေ့စဉ်ရှိပြီး လမ်းတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေလည်း ရှိနေတဲ့အတွက် လူငယ်အချို့က တောတောင်သာယာလှပဖို့ ပလက်စတစ်အိတ်နဲ့ အမှိုက်လိုက်လံကောက်ယူပြီး လုပ်အားပေးလုပ်ကိုင်တဲ့သူတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။

