၁ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ချင်းရိုင်မြို့ မယ်ဖာလုံတက္ကသိုလ် (Mae Fah Luang University – MFU) မှ ဓာတ်မှန်ရောဂါဗေဒဌာန အကြီးအကဲ ဆရာဝန်တစ်ဦးဟာ ကျောင်းသား (၂) ဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုအတွက် ရဲစခန်းမှာ စွဲချက်တွေကို လာရောက်လက်ခံပြီး အမှုကို ဝန်ခံခဲ့ပါတယ်။
ချင်းရိုင်ခရိုင် ဘန်ဒူးရဲစခန်းကို ဩဂုတ် ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၃၂ နှစ်အရွယ် ဒေါက်တာ ကမုံရာချခုံ လာရောက်ခဲ့ပြီး ပြစ်မှုကိုဝန်ခံခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ဩဂုတ် ၂၅ ရက်နေ့က နန်းလယ် သုံးလမ်းဆုံ မီးပွိုင့်အနီး ဖဟိုယိုထင်လမ်းမပေါ်မှာ MG5 အနီရောင်ကားနဲ့ Scoopy-i ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး MFU ဥပဒေကျောင်းက ကျောင်းသား (၂) ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဒေါက်တာကမုံကို မဆင်မခြင် မောင်းနှင်မှု၊ ပေါ့ဆမောင်းနှင်မှုကြောင့် လူသေဆုံးစေမှု၊ ပြင်းထန်ဒဏ်ရာရစေမှုနဲ့ ပစ္စည်းပျက်စီးစေမှု စတဲ့စွဲချက်တွေနဲ့ အမှုဖွင့်ထားပြီး ဒေါက်တာကတော့ စွဲချက်အားလုံးကို ဝန်ခံခဲ့ပါတယ်။
ဒေါက်တာ ကမုံက ဖြစ်စဉ်မတိုင်ခင် အလုပ်ပြီးလို့ တက္ကသိုလ်အတွင်းက အဆောင်ကိုပြန်လာနေချိန် မီးပွိုင့်ကို အမြန်ဖြတ်ဖို့ကြိုးစားရင်း အဝါမီးကို ဖြတ်ကျော်မောင်းနှင်ခဲ့တာကြောင့် မတော်တဆဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မိမိကားရဲ့ အရှိန်ကို မမှတ်မိတော့သလို ဆိုင်ကယ်ကိုလည်း မမြင်ခဲ့ဘူးလို့ ပြောပါတယ်။
တိုက်မိပြီးနောက် ကားပေါ်က ဆင်းကြည့်ချိန်မှာ အလွန်ထိတ်လန့်ပြီး စိတ်မကောင်းဖြစ်ခဲ့ကြောင်း၊ ဖြစ်ခဲ့တဲ့ အရာအားလုံးကိုလက်ခံပြီး တာဝန်ယူလိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ “မိမိမှာ အနာဂတ်ရှည်ကြီး ရှိသေးတယ်” လို့ ပြောခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလိုမပြောခဲ့ဘူးလို့ ငြင်းဆိုပါတယ်။ အဓိပ္ပာယ်လွဲသွားနိုင်တဲ့ စကားမျိုး ပြောမိခဲ့ရင်လည်း မရည်ရွယ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့အတွက် အမှန်တကယ်တောင်းပန်ပါတယ်။ မိဘတွေရဲ့ ဆုံးရှုံးမှုက ကျွန်တော့်ထက်ပိုကြီးပါတယ်။ ကျွန်တော် တာဝန်ယူမယ်၊ သင့်လျော်တဲ့ လျော်ကြေးနဲ့ ကုစားမှုအားလုံးကို ဆောင်ရွက်သွားမယ်” လို့ ဒေါက်တာ ကမုံ ပြောကြားခဲ့ပါတယ်။
ဒေါက်တာကမုံက ဖြစ်စဉ်ပြီးနောက် ဆေးကုသမှု၊ နာရေးစရိတ်၊ ရုပ်အလောင်း သယ်ယူစရိတ် အပါအဝင် ကူညီနိုင်သမျှ အားလုံးကို ဆောင်ရွက်ထားပြီး မိသားစုတွေနဲ့ ထိပ်တိုက် မဖြစ်စေဖို့ ကြားခံလူတွေကနေ ဆက်သွယ်ပေးနေကြောင်း ပြောပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က မှုခင်းဆိုင်ရာ စစ်ဆေးချက်တွေနဲ့ ရင်ခွဲစစ်ဆေးမှု ရလဒ်တွေကို စောင့်ဆိုင်းနေပြီး၊ သက်သေအထောက်အထားတွေ ပြည့်စုံတာနဲ့ ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။

