Language:

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရလွယ်ကူစေရေး ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်နေဟု လွှတ်တော်ဥက္ကဌပြော


နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရလွယ်ကူစေရေး ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်နေဟု လွှတ်တော်ဥက္ကဌပြော

၁ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

NPW

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်တာ လွယ်ကူစေဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီက သြဂုတ် (၃၁)ရက်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနဲ့ တွေ့ဆုံတာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ထိုင်းကုမ္ပဏီတွေအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးလုပ်တာမှာ ပိုပြီးလွယ်ကူစေဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်တာတွေ လုပ်နေတယ်” လို့ ဦးခင်ရီက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၂၆ ခုနှစ် ဧပြီလကုန်အထိပဲ တရားဝင် ထုတ်ပြန်ထားပါသေးတယ်။

အဲ့ဒီ ထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ နိုင်ငံပေါင်း ၅၃ နိုင်ငံရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့ ၉ ဒဿမ ၆ ဘီလီယံကျော်ရှိတယ်လို့ သိရ‌ပြီး မြန်မာနိုင်ငံမှာ စင်္ကာပူက ၂ ဒဿမ ၇ ဘီလီယံကျော်၊ တရုတ်က ၂ ဒဿမ ၁ ဘီလီယံကျော်၊ ထိုင်းက ၁ ဒဿမ ၁ ဘီလီယံကျော်၊ ဟောင်ကောင်က ၁ ဘီလီယံကျော်တို့နဲ့ အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေနဲ့လည်း သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း သွားရောက်ခဲ့တဲ့ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလာရုစ် ခရီးစဉ်တွေမှာလည်း မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်မှုတွေ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ထားသလို စီးပွားရေးအားကောင်းဖို့ ဆောင်ရွက်နေပေမယ့် အချို့နိုင်ငံတွေရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကြောင့် ထိုက်သင့်သလောက် မတိုးတက်ဘဲ နှောင့်နှေးနေရတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။

အဲ့ဒီအတွက် ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်ဖို့နဲ့ ပြည်ပထောက်ပံ့ငွေ၊ ချေးငွေတွေကိုလည်း အားကိုးလို့ရမှာ မဟုတ်တာကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက်ကြဖို့ကိုလည်း သြဂုတ် ၂၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောကြားထားပါသေးတယ်။

#စီးပွားရေး

#ရင်းနှီးမြှုပ်နှံမှု

#ပို့ကုန်သွင်းကုန်

#ပြည်ထောက်ပံ့ငွေ

#ချေးငွေ

#ပို့ကုန်ကဏ္ဍ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin