၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ဇနီး ဒေါ်ကြူကြူလှတို့ ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့ ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်းမှာ ဗီယက်နမ်သမ္မတနဲတွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးကြမယ့်အပြင် ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ကိုလည်း တွေ့ဆုံဖို့ ရှိပါတယ်။
ဒါ့အပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်မှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းပိုင်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
အဓိကအားဖြင့်တော့ နှစ်နိုင်ငံကြား ရှိပြီးသား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေဖို့၊၊ အစိုးရနဲ့ လွှတ်တော်အဆင့်အပြင် ပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်မလားဆိုတာတွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေအပြင် ယဉ်ကျေးမှုနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးဖို့ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်မှာတော့ သမ္မတ၊ ဇနီးတို့နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ လိုက်ပါသွားမယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်အတွင်း သမ္မတတာဝန် စတင်ယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေက အနေနဲ့ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံတွေကို သွားရောက်ထားပြီးဖြစ်ပါတယ်။
အခု ဗီယက်နမ်ခရီးစဉ်ကိုပါ ထည့်တွက်မယ်ဆိုရင် ၂၀၂၆ ခုနှစ် သမ္မတတာဝန်ယူပြီးနောက် သွားရောက်မယ့် နိုင်ငံအရေအတွက်က စုစုပေါင်း ၇ နိုင်ငံ အထိရှိလာပြီဖြစ်ပါတယ်။

