၁ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်မှာ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်က ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကက်တမင်း K ကီလို ၁၅၀ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မယ်ဆိုင်မြို့ ဝီယန်းဖန်ခမ်းကျေးရွာအုပ်စု အမှတ် ၁ ရပ်ကွက်ရှိ ဆိုင်လုံဂျွိုင်ကျေးရွာအနီး နယ်စပ်၌ ထိုင်းအာဏာပိုင်တွေက ကင်းလှည့်စစ်ဆေးနေစဥ် သံသယရှိသူ ၆ ဦးက မယ်ဆိုင်မြစ်ကို ဖြတ်ကျော်ကာ အနက်ရောင်အိတ်တွေနဲ့ သံသယဖြစ်ဖွယ်ပစ္စည်းတွေ သယ်ဆောင်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ထို့နောက် သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို စောင့်ဆိုင်းနေတဲ့ ကားတစ်စီးပေါ် တင်ဆောင်ဖို့ ပြင်ဆင်နေစဥ် ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖို့တားဆီးခဲ့ရာ သံသယရှိသူတွေက သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုမှာ အချိန် ၅ မိနှစ်ခန့်ကြာမြင့်ခဲ့ပြီး သံသယရှိသူများက နယ်စပ်တစ်ဖက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ အနက်ရောင်အိတ် ၄ အိတ် တွေ့ရှိခဲ့ကာ အိတ်များအတွင်း ကက်တမင်း စုစုပေါင်း ၁၅၀ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း ထိုင်းအာဏာပိုင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရပြီး သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနဲ့ မော်တော်ယာဥ်ကို သက်သေအဖြစ်သိမ်းဆည်းကာ ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
ထို့အပြင် ဖာမောင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ချင်းရိုင်ခရိုင် နယ်စပ်တစ်လျှောက် တရားမဝင်ပစ္စည်းများ နိုင်ငံအတွင်းသို့ ခိုးဝင်ရောက်လာမှုကို တားဆီးနိုင်ရန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ရန် စောင့်ကြည့်မှုများပြုလုပ်ရန်နှင့် တားဆီးနှိမ်နင်းမှုများကို ဆက်လက်ပြုလုပ်သွားရန် ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

