Language:

တာချီလိတ်မှာ တပ်သားသစ် စုဆောင်းရေးအယောင်ဆောင် လူဖမ်းဆီးရောင်းချသူ (၃)ဦး ဖမ်းဆီးရမိ


တာချီလိတ်မှာ တပ်သားသစ် စုဆောင်းရေးအယောင်ဆောင် လူဖမ်းဆီးရောင်းချသူ (၃)ဦး ဖမ်းဆီးရမိ

၃၁ သြဂုတ်လ ၂၀၂၆ ( Eastern Than Lwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်တာဝန်ယူဆောင်ရွက်နေချိန် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်စုဆောင်းရေးအဖွဲ့ တာဝန်ရှိသူတွေလို အယောင်ဆောင်ပြီး လူတွေကိုဖမ်းဆီးနေတဲ့ သံသယရှိသူ (၃) ဦးကို ဖမ်းဆီးရမိတယ်လို့ သိရှိရပါတယ်။

တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာရှိ မယ်ဟုတ်တံတားအနီးမှာ ပူးပေါင်းအဖွဲ့များက ဩဂုတ်လ (၃၀) ရက်နေ့ နံနက် (၁) နာရီ ကျော်ခန့်မှာ ရှောင်တခင်ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေချိန် အနက်ရောင်မော်တော်ယာဥ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ အမျိုးသား (၂) ဦး၊အမျိုးသမီး(၁)ဦး နှင့် ယာဉ်နောက်ဖုံးအတွင်း လက်ထိပ်ခတ်ထားရတဲ့ အမျိုးသား (၂)ဦး တွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်။

ပြည်သူ့စစ်မှုထမ်းတပ်သားသစ် စုဆောင်းရေးအတွက် အယောင်ဆောင်ဖမ်းဆီးနေတွေသူမှာ မိုင်းဖြတ်မြို့နေထိုင်သူ ဇွဲညီညီခန့်၊ မသဲအိချို (၂)ဦးပါဝင်ပြီး တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်မှာနေထိုင်သူ ဉာဏ်လင်းထွန်း အမျိုးသား(၁)ဦး ဖြစ်ကြောင်းသိရှိရပါတယ်။

ကားနောက်ဖုံးအတွင်းမှာ လက်ထိပ်ခတ်ထားရပြီး ဖမ်းဆီးထားခဲ့ရသူ အမျိုးသား (၂)ဦးက ညနက်ပိုင်းအချိန်တွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တာချီလိတ်မြို့အဝင် ဆိုင်းပုတ် နှင့် ပါလျှံရပ်ကွက်တွေမှာ လမ်းလျှောက်နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မေးမြန်းစစ်ဆေးမှုအရ ဖမ်းဆီးခံသူ တင်ကိုလွင်က ဩဂုတ် (၂၉) ရက် ည (၁၁) နာရီကျော် ရန်အောင်မြေရပ်ကွက်၊ တရုတ်ဘုံကျောင်းရှေ့ လမ်းမပေါ် လမ်းလျှောက်နေချိန်။ အလားတူ ညီဦးကိုလည်း ဩဂုတ်လ (၃၀) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ပါဆတ်ရပ်ကွက်၊ ကြိုဆိုပါ၏” ဆိုင်းပုဒ်အနီး လမ်းမပေါ်တွင် လမ်းလျှောက်နေစဉ်အနက်ရောင်မော်တော်ယာဉ်တစ်စီးပေါ်က အမျိုးသားနှစ်ဦး ဆင်းလာပြီး “တာဝန်ရှိလို့မေးစရာရှိတယ်”လို့ပြောဆိုကာ လက်ထိပ်ခတ်ပြီးယာဉ်နောက်ဖုံးမှာ ဖမ်းဆီးခံရသူ(၂)ဦးလုံးကို ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးရဲ့ ပြောပြချက်အရ “ လက်ထိပ်ခတ်ထားပြီး လက်သီးဖြင့်ထိုးခြင်း၊ အသံထွက်ပါက လျှာဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး တာဝန်ရှိသူများက စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်တယ်လို့” ပြောဆိုကြောင်းသိရှိရပါတယ်။

တပ်မတော်တပ်သားသစ်စုဆောင်းရေးအဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များအား ဖမ်းဆီးစုဆောင်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သူ သံသယရှိသူ (၃) ဦးကို ဟောင်လိတ်နယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူနိုင်ရေးအတွက် စစ်ဆေးလျက်ရှိတယ်လို့သိရှိရပါတယ်။

ပြည်သူ့စစ်မှုထမ်းတပ်သားသစ် စုဆောင်းရေးအတွက် အယောင်ဆောင်ဖမ်းဆီးနေတွေသူမှာ တပ်မတော် မိသားစုဝင်တွေ ပါတာဖြစ်ပြီး ယခင်ကလဲ ယခုလို အယောင်ဆောင် လိမ်လည်ကာ လူတွေကို ဖမ်းဆီးပြီး မိုင်းဖြတ်မြို့သို့ ခေါ်ဆောင်သွားကာ တပ်သားသစ်အတွက် ပြန်လည်ရောင်းချတာတွေ ရှိခဲ့တယ်လို့ အရှေ့သံလွင်သတင်း ဌာနက စုံစမ်းသိရှိရပါတယ်။

#စစ်မှုထမ်း

#တပ်သားသစ်

#လိမ်လည်မှု

#မိုင်းဖြတ်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin