၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ ဦးထွန်းအောင်တံတားအနီး မယ်ဟုတ်ချောင်းအတွင်း ငါးမျှားရင်း ရေနစ်ပျောက်ဆုံးသွားသည့် အသက် ၁၄ နှစ်အရွယ် မောင်အောင်ထက်ဟိန်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ရှာဖွေနေသော်လည်း နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းအထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
မောင်အောင်ထက်ဟိန်းသည် နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က သူငယ်ချင်းတစ်ဦးနှင့်အတူ ဦးထွန်းအောင်တံတားအနီး မယ်ဟုတ်ချောင်းတွင် ငါးမျှားနေစဉ် ငါးမျှားချိတ် ငြိနေသဖြင့် ရေထဲဆင်းကာ ဖြုတ်ယူရာမှ ချော်ကျပြီး ရေနစ်မြုပ်ကာ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ငါးမျှားနေရင်းနဲ့ ငါးမျှားချိတ် ငြိနေလို့ဆိုပြီး ဆင်းပြီးတော့ ဖြုတ်လိုက်တာ။ ဆင်းဖြုတ်တဲ့အချိန်မှာ ချော်ကျသွားတာ။ ကုန်းချောကြီးရှိတယ်။ ကုန်းချောကြီးကနေ ကျသွားတာ” ဟု မိခင်ဖြစ်သူ မသင်ဇာအိက အရှေ့သံလွင်မီဒီယာကို ပြောသည်။
ပျောက်ဆုံးနေသည့် လူငယ်ကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ ဒေသခံများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တာချီလိတ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေကြခြင်းဖြစ်သည်။
ရှာဖွေရေးအဖွဲ့များသည် ပျောက်ဆုံးသွားသည့်နေရာအနီးတစ်ဝိုက်တွင် ရေထဲဆင်းရှာဖွေခြင်း၊ စက်လှေများဖြင့် လှည့်ပတ်ရှာဖွေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မနက်ကတည်းက ရှာဖွေနေတာပါ။ ဖြစ်တဲ့နေရာကနေ ရေမိုင် ၂ မိုင်အကွာအထိ စပြီး တောက်လျှောက်ရှာနေတာပါ။ မနေ့က ညနေ ၅ နာရီကတည်းက မြုပ်တာဆိုတော့ သူက အင်္ကျီအဝတ်အစားလည်း ဝတ်မထားဘူး။ ဘောင်းဘီအမည်းရောင်နဲ့ဆိုတော့ ရှာရတာ နည်းနည်းခက်တယ်။ မနက်ကတည်းက အဓိကနေရာတွေကိုတော့ လိုက်ရှာပြီးသွားပြီ” ဟု ရှာဖွေရေးတွင် ပါဝင်သည့် တာချီလိတ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တစ်နေ့လုံး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ညနေပိုင်းအထိ မောင်အောင်ထက်ဟိန်းကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါချောင်းအတွင်း စက်လှေများဖြင့် လှည့်ပတ်ရှာဖွေခြင်းနှင့် ရေငုပ်ရှာဖွေခြင်းတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တာချီလိတ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး ဦးတင်ထွေးက ပြောသည်။

