Language:

ငဝန်တာတမံ ရေကျော်နေမှုကို ထိန်းချုပ်ဖို့ လူဦးရေ ၄၀၀ နီးပါးဖြင့် ၂၄ နာရီ မနားတမ်း အရေးပေါ်ပြုပြင်နေ


ငဝန်တာတမံ ရေကျော်နေမှုကို ထိန်းချုပ်ဖို့ လူဦးရေ ၄၀၀ နီးပါးဖြင့် ၂၄ နာရီ မနားတမ်း အရေးပေါ်ပြုပြင်နေ

၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ (ပန်းတောတမံ) ရေကျော်မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် လူအင်အား ၃၈၀ ခန့်ဖြင့် နေ့ညမပြတ် အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာတမံအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်ဖြစ်ပေါ်ကာ တာတမံ တစ်စိတ်တစ်ပိုင်းနိမ့်ကျပြီး ရေကျော်ဝင်ရောက်ခဲ့မှုကြောင့် လေးမျက်နှာမြို့အပါအ၀င် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ရေနစ်မြုပ်ခဲ့ရပါတယ်။

ဒါ့ကြောင့် ရေ၀င်ရောက်မှုကို အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် လုပ်သားများက နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ ၂၄ နာရီ အရှိန်မြှင့်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ရေကျော်နေသည့် တာတမံနေရာ၌ ၁၂ မီတာအရှည် Steel Sheet Pile ၂၈၆ ချောင်း ရိုက်သွင်းရန် စီစဉ်ထားပြီး ဒီနေ့ ဩဂုတ် ၁၂ ရက်အထိ ၆၉ ချောင်း ရိုက်သွင်းပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ Sheet Pile များကိုလည်း စက်ယန္တရားကြီးများ အသုံးပြု၍ ဆက်လက်ရိုက်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။

တစ်ဖက်တွင်လည်း ရေဝင်ပေါက်များနှင့် တာတမံနိမ့်ကျသည့်နေရာများ၌ Geo Bag သဲအိတ်များနှင့် သဲအိတ်များအသုံးပြုကာ ရေတားနံရံများ အရေးပေါ် တည်ဆောက်လျက်ရှိပါတယ်။

တာတမံရေကျော်မှုကို အမြန်ဆုံး ပိတ်ဆို့ထိန်းချုပ်နိုင်ရေးအတွက် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးချကာ နေ့ရောညပါ အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျိုးပေါက်သွားတဲ့ ငဝန်မြစ် ရေကာတာတမံ ​ကို ပြန်လည်ပြုပြင်နေမှုဟာ အပြီးသတ်နိုင်ဖို့ တစ်ပတ်နီးပါးလောက် အချိန်ယူရဦးမှာဖြစ်တယ်လို့ သြဂုတ်လပထမပတ်အတွင်းက ဧရာ၀တီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့က ကနဦးထုတ်ပြန်ထားပါတယ်။

#သဘာ၀ဘေး

#တာတမံ

#ဧရာ၀တီတိုင်ဒေသကြီး

#လေးမျက်နှာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin