၁၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲ (၃)က ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ICE မူးယစ်ဆေးဝါး ၂၅၀ ကီလိုဂရမ် ဖမ်းဆီးရမိမှုမှစတင်၍ မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကို (၉)လကျော် စုံစမ်းစောင့်ကြည့်ခဲ့ပြီးနောက် ယာဘ (၅,၅၄၈,၆၀၀) ပြားခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၇) ရက်တွင် ICE (၂၅၀) ကီလိုဂရမ် ဖမ်းဆီးရမိပြီးနောက် ဆက်လက်စုံစမ်းရာမှ သံသယရှိသူ တစ်ဦးအား ဖမ်းဝရမ်းထုတ်ခဲ့ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် အသက် ၃၈ နှစ်အရွယ် ချင်းမိုင်ခရိုင် မယ်တဲန်းမြို့နယ်မှ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်များအရ အဆိုပါအမျိုးသားသည် လမ်ဖွန်ခရိုင်အတွင်း အိမ်များငှားရမ်း၍ မူးယစ်ဆေးဝါးများ သိုလှောင်ဖွက်ထားသည့် နေရာအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ (၄)ရက် ည (၁၀) နာရီခန့်တွင် လမ်ပန်းခရိုင် ဆော့ဘ်ပရာဘ် စစ်ဆေးရေးဂိတ်၌ ချင်းမိုင်လိုင်စင်နံပါတ်ပါ ကား (၂) စီးကို တားဆီးစစ်ဆေးခဲ့ရာ နောက်ခုံအောက်ရှိ လျှို့ဝှက်ခန်းအတွင်းမှ ယာဘ (၉၉,၈၀၀) ပြားကို သိမ်းဆည်းရမိခဲ့သည်။
ယာဉ်မောင်းနှစ်ဦးမှာ အသက် (၆၉)နှစ်နှင့် (၆၄) နှစ်အရွယ် အမျိုးသားများ ဖြစ်ကြသည်။
ထို့ပြင် ဩဂုတ်လ (၅) ရက် မနက် (၂) နာရီခွဲခန့်တွင် လမ်ဖွန်ခရိုင်ရှိ အိမ်ငှားတစ်လုံးမှ ထွက်လာသည့် အပြာရောင်ပစ်ကပ်ကားကို ဒွိုင်းတီလမ်းဆုံ၌ တားဆီးစစ်ဆေးရာ ကားအတွင်းမှ ယာဘ (၈,၈၀၀) ပြား ထပ်မံတွေ့ရှိခဲ့သည်။
ယာဉ်မောင်းမှာ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည်။
အဆိုပါ သံသယရှိသူ (၃) ဦးထံမှ စုံစမ်းဖော်ထုတ်ချက်များအရ အသက် (၃၈) နှစ်အရွယ် အဓိကပစ်မှတ်ရှိသူထံ ဆက်စပ်နေကြောင်း သိရှိခဲ့ပြီးနောက် လမ်ဖွန်ခရိုင်ရှိ ၎င်းငှားရမ်းထားသော အိမ် (၂) လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။
ရှာဖွေမှုအတွင်း အနက်ရောင်ပစ်ကပ်ကားတစ်စီးနှင့် အိမ်အတွင်း အိတ်များဖြင့် ဖွက်ထားသည့် ယာဘ (၅,၄၄၀,၀၀၀) ပြားကို သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ယာဘစုစုပေါင်း (၅,၅၄၈,၆၀၀)ပြားခန့် သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသူများကို မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃)ထံ လွှဲပြောင်းကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်သည်။
ထို့အပြင် မှုခင်းဆိုင်ရာ သိပ္ပံဌာနနှင့် ပူးပေါင်း၍ လက်ဗွေရာနှင့် DNA အထောက်အထားများကို စစ်ဆေးကာ အဆိုပါ မူးယစ်ဆေးဝါးကွန်ရက်နှင့် ဆက်စပ်နေသူများကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

