၅ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
Meta၊ Google၊ OpenAI နဲ့ Anthropic တို့လို AI ကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေဟာ သြဂုတ်(၄) ရက်နေ့မှာ အမေရိကန်အိမ်ဖြူတော်မှာ သမ္မတ Donald Trump ရဲ့ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။
အဓိကဆွေးနွေးမယ့် အကြောင်းအရာကတော့ အဆင့်မြင့် AI မော်ဒယ်တွေကို အများပြည်သူထံ မဖြန့်ချီခင် အစိုးရဘက်က လုံခြုံရေး စမ်းသပ်စစ်ဆေးနိုင်ရေး ဖြစ်ပါတယ်။
ဒီအစည်းအဝေးဟာ OpenAI နဲ့ Anthropic တို့ရဲ့ AI စနစ်တွေဟာ စမ်းသပ်မှုအတွင်း အခြားကုမ္ပဏီတွေရဲ့ ကွန်ပျူတာစနစ်တွေကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် ကျင်းပလာတာလည်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် AI နည်းပညာတွေဟာ အနာဂတ်မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်မလား၊ ဒါမှမဟုတ် ဟက်ကာတွေကို အကူအညီပေးနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ အမေရိကန် လွှတ်တော်အမတ်တွေကြားမှာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
Trump အစိုးရကတော့ AI ကုမ္ပဏီတွေအနေနဲ့ မော်ဒယ်အသစ်တွေကို အများပြည်သူထံ မဖြန့်ချီမီ အနည်းဆုံး ရက် (၃၀) ကြိုတင်ပြီး အစိုးရရဲ့ လုံခြုံရေးစမ်းသပ်မှုကို စေတနာအလျောက် ခံယူပေးဖို့ ဇွန်လအတွင်း ကြေညာထားပါတယ်။
အိမ်ဖြူတော်က စမ်းသပ်မှုဆိုင်ရာ စည်းမျဉ်းအသေးစိတ်တွေကို အပြီးသတ်ထားပြီးဖြစ်တယ်လို့ ပြောထားပေမယ့် အများပြည်သူထံ ထုတ်ပြန်မယ့် အချိန်ကိုတော့ မကြေညာသေးပါဘူး။
လက်ရှိအချိန်မှာတော့ OpenAI နဲ့ပတ်သက်တဲ့ AI ဟက်ကင်းဖြစ်ရပ်ကို အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး OpenAI ရဲ့ CEO Sam Altman ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိမ်ဖြူတော်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

