၁၄ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့နယ်အတွင်းက ဖန်မင်-မိုင်းဖုန်း(က)ကျေးရွာတွေအထိ ပျက်စီးနေတဲ့ လမ်းပိုင်းကို နိုဝင်ဘာလမှ လာမယ့်နှစ် မတ်လအထိ (၅)လအတွင်း ကတ္တရာခင်းခြင်း လုပ်ငန်းကို အပြီးသတ်ပြုလုပ်မယ်လို့ တင်ဒါအောင်ထားတဲ့ မြန်မာဧရာမွန်ကုမ္ပဏီဆီက သိရပါတယ်။
ဖန်မင်ကျေးရွာ (မယ်ယန်း)လမ်းခွဲမှ လွယ်ယွန်းခမ်းဘုရားနားအထိ လမ်းပိုင်းဟာ မိုးများရွာသွန်းပြီး ကုန်ကားကြီးများ သွားလာမှုများနှင့် ရေမြှောင်းများ စနစ်တကျ ဖော်ဆောင်ခြင်းမရှိတာကြောင့် လမ်းပိုင်းဟာ ပျက်စီးနေတာ (၃)နှစ်လောက်ရှိပြီဖြစ်ပြီး အနီးပတ်ဝန်းကျင်ဒေသခံများနှင့် ယာဉ်သွားလာမှုများ အခက်အခဲများ ကြုံတွေ့နေရတာဖြစ်ပါတယ်။
“လမ်းက ခင်းမှာပါ။ မိုးရပ်သွားတဲ့ (၁၁)လပိုင်းကနေ နောက်နှစ်(၃)လပိုင်းအတွင်း အပြီးခင်းမှာပါ”လို့ BOD စနစ်နဲ့ လေလံတင်ဒါအောင်မြင်ထားတဲ့ မြန်မာဧရာမွန်ကုမ္ပဏီက တာဝန်ခံ ကိုညီညီဇော်က အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပျက်စီးနေတဲ့ လမ်းပိုင်းကို ကွင်းဆင်းစစ်ဆေးပြီး ခရိုင်လမ်းဦးစီး ဦးသူရအောင်နှင့် မြန်မာဧရာမွန် ကုမ္ပဏီအဖွဲ့တို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး လိုအပ်တာများကို ပေါင်းစပ်ညှိနှိုင်းပြီး ပျက်ဆီးနေတဲ့ လမ်းပိုင်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် သဘောတူညီချက်များ ရရှိခဲ့တာဖြစ်ပါတယ်။
မိုးတွင်းကာလမှာ မိုးရေကြောင့်ကတ္တရာလမ်းခင်းခြင်းကို အဆင်မပြေတာကြောင့် လက်ရှိမှာ ယာဥ်သွားလာရေးများအဆင်ပြေစေရန် ပျက်ဆီးနေတဲ့ လမ်းပိုင်းကို ကျောက်များ ဖြည့်ပြီး ယာယီပြုပြင်ပေးနေကြောင်း ဆောင်ရွက်ပေးနေတယ်လို့ သိရှိရပါတယ်။
မြန်မာဧရာမွန်ကုမ္ပဏီက ဖန်မင်ကျေးရွာ လမ်းခွဲမှ မိုင်းဖုန်း(က)အထိ လမ်းပိုင်းကို တာဝန်ယူထားပြီး BOT (Build-Operate-Transfer) စနစ်နဲ့ လမ်းပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းခင်းခြင်း၊လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း နှင့် လမ်းအသုံးပြုခကောက်ခံပြီး နှစ်ပေါင်းများစွာ ဆောင်ရွက်လာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

