၁၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
နော်ဝေဘောလုံးကြယ်ပွင့် အားလင်းဟာလန်းပုံ စတစ်ကာများ ကပ်ထားတဲ့ ကိုကင်း ပေါင် ၁၀၀၀ကို အီကွေဒေါရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကိုလမ်ဘီယာနယ်စပ်အနီး ထရပ်ကားတစ်စီးပေါ်မှာ တင်ဆောင်လာတဲ့ ဟာလန်းပုံကပ်ထားတဲ့ အစိမ်းရောင်လေးထောင့်ဘူးတွေထဲ ထည့်ထားတဲ့ ကိုကင်းတွေကို အီကွေဒေါ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သြဂုတ်လ ၁၃ ရက်က အဆိုပါထရပ်ကားမောင်းနှင်သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ကိုကင်း ၄၆၉ ကီလိုဂရမ် (၁၀၃၄ ပေါင်)ကို သိမ်းဆည်းရမိခဲတယ်လို့ ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၂ရက် အမည်မဖော်လိုသူတစ်ဦးရဲ့ သတင်းပေးချက်အရ အီကွေဒေါရဲတပ်ဖွဲ့က အဆိုပါထရပ်ကားကို စောင့်ကြိုဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ထရပ်ကားနောက်ပိုင်း ကြမ်းခင်းကို နှစ်ထပ်လုပ်ထားပြီး အဆိုပါကိုကင်းဘူး ၃၇၀ကို ဝှက်ပြီး သယ်ဆောင်လာတာဖြစ်ပါတယ်။
အီကွေဒေါဟာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း ဖြတ်သန်းရာ နိုင်ငံဖြစ်နေတာကြာပြီဖြစ်ပြီး မူးယစ်ဆေးဝါးတွေကို သိုလှောင်ထားပြီး ဗဟိုအမေရိက လမ်းကြောင်းတွေက တဆင့် အဓိကအားဖြင့် အမေရိကန်သို့ ပို့ဆောင်နေတာ ဖြစ်ပါတယ်။
အီကွေဒေါကို ဖြတ်သန်းလာတဲ့ မူးယစ်ဆေးဝါးတွေဟာ ဥရောပသို့လည်း ရောက်ရှိနေတာ ဖြစ်ပါတယ်။
ယခုဖမ်းဆီးရမိတဲ့ ကိုကင်းတန်ဖိုးဟာ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာ ၈၄၂၀၀၀ ရှိပြီး အမရိကန်ကို ရောက်ရင် ဒေါ်လာ ၁၁ သန်း တန်ဖိုးရှိလာမှာဖြစ်ပြီး ဥရောပအထိ ရောက်နိုင်ရင် ဒေါ်လာ ၁၉ ဒဿမ ၆ သန်း (ယူရို ၁၇သန်း) အထိ တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးရမိမှုနဲ့ ပတ်သက်လို့ မြို့တော်ကွီတို မြောက်ဖက် ၁၅၃ မိုင်အကွာ နယ်စပ်မြို့ တူလ်ကန်အနီး ဂူအာဂူအာနီဂရိုဒေသမှာ သြဂုတ်လ ၁၃ ရက်က စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ကိုလမ်ဘီယာ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ မာရီယာအာရ်ဆိုသူ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲကဖမ်းဆီးခဲ့ပါတယ်။
အီကွေဒေါမှာ ဒေသခံဂိုဏ်းတွေဟာ ကိုလမ်ဘီယာနဲ့ မက္ကစီကို မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့အတူ ပူးပေါင်းပြီး မူးယစ်ဆေးပို့ဆောင်မယ့် လမ်းကြောင်းတွေ ရှာဖွေနေကြတာဖြစ်ပါတယ်။
အီကွေဒေါကို ဖြတ်သန်းတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကိုလမ်ဘီယာကဖြစ်ပြီး ကျန်မူးယစ်ဆေးတွေက ပီရူးနိုင်ငံကထွက်လာတာ ဖြစ်ပါတယ်။
ဒီလို မူးယစ်ဆေးဝါး ထုတ်ပိုးမှုတွေမှာ ဖော်ပြခံရတဲ့ ဘောလုံးကြယ်ပွင့်ဟာ ဟာလန်းတစ်ယောက်တည်းပဲ မဟုတ်ဘဲ အာဂျင်တီးနား ဘောလုံးကြယ်ပွင့် မက်ဆီလည်း အရင်က မူးယစ်ဆေးဝါး ထုတ်ပိုးမှုတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

