Language:

ကျိုင်းတုံမြို့မှာ စည်းကမ်းမဲ့ မောင်းနှင်တဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးခံရ


ကျိုင်းတုံမြို့မှာ စည်းကမ်းမဲ့ မောင်းနှင်တဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးခံရ

၂၁ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့က လေယာဉ်ကွင်းသွားတဲ့ လမ်းမပေါ်မှာ စည်းကမ်းမဲ့ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ လိုင်စင်မဲ့ ကားတစ်စီးက ယာဥ်မောင်းကို အမှုဖွင့် အရေးယူလိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ (၁၉)ရက် နေ့လယ်ပိုင်းက ကျိုင်းတုံယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး တာဝန်ထမ်းဆောင်နေချိန် ကျိုင်းတုံမြို့တွင်းကနေ လေယာဉ်ကွင်းသွားတဲ့ လမ်းပေါ်မှာ အိမ်စီးကား အဖြူရောင် မော်တော်ယာဥ်က အရှိန်ပြင်းစွာ စည်းကမ်းမဲ့ မောင်းနှင်လို့ ယာဥ်ထိန်း ရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ယာဥ်ကို တားဆီးစစ်ဆေးခဲ့ရာ မောင်းနှင်လာသူမှာ အသက် (၃၂) အရွယ် အမျိုးသား အားဆဲ ဆိုသူဖြစ်ပြီး ၎င်းမောင်းနှင်လာတဲ့ Toyota Wish အမျိုးအစား အဖြူရောင် မော်တော်ယာဥ်နဲ့ ပတ်သတ်ပြီး သက်သေခံ အထောက်အထားမပြနိုင်ဘူးလို့ သိရပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမှတ် (၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရဲ့ သတင်းထုတ်ပြန်ချက်အရ အဆိုပါ ယာဉ်နဲ့ ယဉ်မောင်းကို (လိုင်စင်မဲ့)အဖြစ် အောက်တိုဘာ(၁၉)ရက်က ကျိုင်းတုံမြို့မ ရဲစခန်းမှာ (ပ)၂၂၂/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈အရ အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျိုင်းတုံယာဥ်ထိန်းရဲတပ်ဖွဲ့က ကားမောင်းနှင်သူများအနေနဲ့ အများပြည်သူအား ထိခိုက်စေနိုင်လောက်တဲ့ အရှိန်ပြင်းစွာမောင်းနှင်ခြင်း မပြုကြပါရန် အသိပေးနှိုးဆော်ထားပါတယ်။

#ကျိုင်းတုံမြို့

#စည်းကမ်းမဲ့

#လိုင်စင်မဲ့မော်တော်ယာဉ်

ဆက်စပ်သတင်းများ

Eastern Thanlwin