၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ကမ္ဘာ့ထိပ်တန်း စာရင်းစစ်နဲ့ အတိုင်ပင်ခံကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ဗြိတိန်အခြေစိုက် PricewaterhouseCoopers (PwC) ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အကြံပေးလုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြချက်အရ လုပ်ငန်းဖျက်သိမ်းရေးအတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ (Liquidator) ခန့်အပ်ဖို့နဲ့ ကြွေးရှင်များကော်မတီ ဖွဲ့စည်းဖို့ အောက်တိုဘာ ၃၀ ရက်မှာ အွန်လိုင်းအစည်းအဝေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅၆ နဲ့ နည်းဥပဒေ ပုဒ်မ ၉၊ ၃၂ တို့အရ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ PwC ဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးလုပ်ငန်းကို ဘာကြောင့် ဖျက်သိမ်းဖို့ စီစဉ်တာလဲဆိုတဲ့ အကြောင်းရင်းကို ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာ မရှိဘဲ PwC ဟာ ကမ္ဘာ့ထိပ်တန်း စာရင်းစစ်နဲ့ အတိုင်ပင်ခံကုမ္ပဏီကြီး (၄)ခု ဖြစ်တဲ့ Big Four ထဲမှာ ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တာပါ။
မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ခဲ့စဉ်အတွင်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားရေးအကြံပေးဝန်ဆောင်မှု၊ အခွန်ဆိုင်ရာ အကြံပေးမှု၊ ဘဏ္ဍာရေးစာရင်းစစ်ဆေးမှုအပြင် ဈေးကွက် ဝင်ရောက်ရေးနဲ့ စီးပွားရေးလုပ်ငန်းဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံဆိုင်ရာ PwC အကြံပေးလုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရေး လုပ်ငန်းစဉ်အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပြီး ဖျက်သိမ်းရတဲ့ အကြောင်းရင်းနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အတိအကျ မသိရသေးပေ။

