၂၅ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးကွက်မှာ ဒီနေ့ စက်တင်ဘာ (၂၅) ရက် နံနက်ပိုင်းမှာတော့ စက်သုံးဆီဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတယ်လို့ စျေးကွက်အတွင်းကနေ စုံစမ်း သိရှိရပါတယ်။
လက်ရှိ ရန်ကုန် စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းအချက်အလက်တွေအရ Octane 92 တစ်လီတာကို ၄၁၀၀ ကျပ်၊ Octane 95 တစ်လီတာကို ၄၀၀၀ ကျပ်၊ Diesel တစ်လီတာကို ၄,၁၅၀ ကျပ်နဲ့ Premium Diesel တစ်လီတာကို ၅,၀၅၀ ကျပ် ဝန်းကျင် အထိ မြင့်တက်နေပါတယ်။
ဒါဟာ ရန်ကုန်မြို့ စက်သုံးဆီ ဈေးကွက်မှာ အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၆၀၀ ကျော် မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေးနှုန်းတွေ ၄၀၀၀ ကျော်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ ဈေးနှုန်းဟာ နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနဲ့ ချိတ်ဆက်နေပြီး ပြည်တွင်းသုံး စက်သုံးဆီရဲ့ အများစုဟာ ပြည်ပကနေ တင်သွင်းရတာဖြစ်လို့ ရည်ညွှန်းဈေးတွက်ချက်ရာမှာ Singapore ရှိ Mean of Platts Singapore — MOPS ဈေးနှုန်းကို အခြေခံအသုံးပြုနေတာဖြစ်ပါတယ်။
စက်သုံးဆီဈေးမြင့်တက်လာတာဟာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကနေတစ်ဆင့် အထွေထွေ ကုန်ဈေးနှုန်းတွေအပေါ်ပါ ရိုက်ခတ်လာနိုင်တယ်လို့လည်း ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
အထူးသဖြင့် ကုန်တင်ကား၊ အဝေးပြေးယာဉ်၊ အငှားယာဉ်နဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ လောင်စာဆီက အဓိက ကုန်ကျစရိတ်တစ်ခုဖြစ်တဲ့အတွက် ဆီဈေးမြင့်တက်လာရင် လုပ်ငန်းလည်ပတ်စရိတ်လည်း မြင့်တက်လာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေ အတွင်း စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းခဲ့ပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေက အလားတူနှုန်းနဲ့ မကျဆင်းခဲ့ပါဘူး။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ၂၀၂၆ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် နှစ်ထောင်ကျော် ကနေ ငါးထောင်အထိ တက်ခဲ့ကာ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့ပါတယ်။

