ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ခိုးမှုမှတ်တမ်းဟောင်းရှိသူ အပေါင်းအပါ အမျိုးသား (၇) ဦးကို ဆိုင်ကယ်(၄)စီးဖြင့် ဖမ်းမိခဲ့တယ်လို့ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှ သိရပါတယ်။
ဆိုင်ကယ်ခိုးယူမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိရာ ခိုးမှုမှတ်တမ်းဟောင်းရှိသူများကို မသင်္ကာတဲ့အတွက် ခေါ်ယူမေးမြန်းရာမှ အဖွဲ့လိုက်ခိုးယူထားတဲ့ ဆိုင်ကယ်(၄)စီးနှင့်အတူ အမျိုးသား (၇)ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့က နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဖြစ်ပွားပြီးသောအမှုများ ဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်နေစဉ် ယခင်ကဆိုင်ကယ်ခိုးမှုဖြင့် အရေးယူခံခဲ့ရဖူးသူ ထွန်းအောင်(ခ)ချစ်တီးကို မသင်္ကာဖွယ်တွေ့ရှိရာမှ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ခိုးမှုနှင့်လုယက်မှုများ ကျူးလွန်ခဲ့သည့် ကောင်းပိုင်ဖြိုး(ခ)ကောင်းကောင်း၊ ပြုံးဟိန်းကို(ခ)ဘေဘီကျော်၊ လင်းထူး(ခ)မောင်းပြုံး၊ မိုးသက်ပိုင်ထွန်း(ခ)မင်းထက်၊ အောင်ငြိမ်းချမ်းနှင့် အောင်အောင်ဦး(ခ)ဗီလား တို့မှာ မြို့နယ်တွင်းရှိ ဆိုက်ကယ်ခိုးယူမှု ကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိထားသူ (၇)ဦးထံမှ ခိုးယူထားတဲ့ ဆိုင်ကယ်(၃)စီး လုယက်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်(၁)စီး လုယူထားသည့် လက်ကိုင်ဖုန်း(၂)လုံးနှင့် ဆိုင်ကယ်ခိုးယူရာတွင် ခြံဝန်းတံခါးများ ဖြတ်တောက်ရာတွင် အသုံးပြုသည့် ကတ်တာ(၁)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပြီး သိမ်းဆည်းရမိသော ဆိုင်ကယ်များနှင့် လက်ကိုင်ဖုန်းများကို မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ဖို့အတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
