• EN
  • MM
  • မယ်ယန်း-ပါဝုန်းလမ်း သွားလာရန်ခက်ခဲနေမှုအပေါ် ပြန်လည်ပြုပြင်ပေးစေလို


    မယ်ယန်း-ပါဝုန်းလမ်း သွားလာရန်ခက်ခဲနေမှုအပေါ် ပြန်လည်ပြုပြင်ပေးစေလို

    တာချီလိတ်မြို့ ဖန်မင်အုပ်စုအတွင်းက မယ်ယန်း-ပါဝုန်းလမ်း ပျက်စီးနေပြီး သွားလာရန်ခက်ခဲနေတဲ့အတွက် ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာက ပြန်လည်ပြုပြင်စေချင်တယ်လို့ အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

    မယ်ယန်းလမ်းဆုံကနေ ပါဝုန်းကျေးရွာကတဆင့် မိုင်းဖုန်း(က) ဆွတ်ဆိုင်ရွာဘက်သို့ ထွက်သည့်လမ်းခွဲမှာ ယခင်ကတ္တရာခင်းလမ်းဖြစ်ပေမယ့် မြေသယ်ကားနဲ့ ကုန်တင်ကားတွေ အသွားများတဲ့အတွက် ပျက်စီးနေတာ (၃)နှစ်လောက်ရှိပြီဖြစ်ပါတယ်။

    “အဲ့ဒီလမ်းပိုင်းက မြန်မာဧရာမွန်ကုမ္ပဏီက တာဝန်ယူထားတဲ့လမ်းပါ။ မယ်ယန်းလမ်းဆုံကနေ မိုင်းဖုန်း ပါဆာ စံဖူးတဲ့ အဲ့ဒီကုမ္ပဏီက BOD စနစ်နဲ့ လမ်းခင်းထားပြီး လမ်းကြေးကောက်ခံနေတာပါ။ ပျက်နေတာ အများဆုံး(၄/၅)မိုင်ပေါ့။ ရွာသားတွေ သွားလာရအတော်ခက်ခဲနေကြလို့ ပြန်ပြင်ပေးစေချင်ကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မယ်ယန်းလမ်းဆုံကနေ ဆွတ်ဆိုင်လမ်းဆုံ လမ်းသားများ ပျက်စီးယိုယွင်းနေတဲ့အတွက် ဒေသခံတွေအနေနဲ့ လက်ရှိအချိန်တွင် ဆိုင်ကယ်နှင့် သွားလာဖို့ပင် ခက်ခဲနေတယ်လို့ သိရပါတယ်။

    မိုးရွာသွန်းလာပါက သွားလာဖို့ အတော်ခက်ခဲမှာဖြစ်ပြီး ကျောင်းသား/သူတွေ ကျောင်းတက်ရန်အတွက် သွားလာဖို့ပင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကုမ္ပဏီက တာဝန်ယူထားတဲ့ လမ်းပိုင်းအနေနဲ့ ဆွတ်ဆိုင်လမ်းဆုံကနေ မိုင်းဖုန်းဆရာတော်ကျောင်းအထိ လမ်းသားမှာ ကတ္တရာခင်းထားတဲ့အတွက် သွားလာရကောင်းမွန်ပြီး ပျက်စီးနေသည့်လမ်းပိုင်းမှာ (၅)မိုင်ခန့်ရှိတယ်လို့ ပြောကြပါတယ်။

    စက်မှုဇုန်-ဆွတ်ဆိုင်လမ်း မဖောက်လုပ်ခင် ယခင် ၁၉၉၀ ခုနှစ်ပါတ်ဝန်းကျင်က မိုင်းဖုန်းဆရာတော်ကျောင်းကို မယ်ယန်းလမ်းဆုံ ပါဝုန်းကျေးရွာဘက်မှ သွားလာခဲ့ရတယ်လို့ သိရပါတယ်။

    Article
    author

    Article

    ဆက်စပ်သတင်းများ

    Eastern Thanlwin