• EN
  • MM
  • တာချီလိတ်မြို့တွင် ရေတက်ပြီးနောက်ပိုင်း အရောင်းအဝယ်မကောင်းတော့တဲ့ တာလော့စျေး


    တာချီလိတ်မြို့တွင် ရေတက်ပြီးနောက်ပိုင်း အရောင်းအဝယ်မကောင်းတော့တဲ့ တာလော့စျေး

    တာလော့ဈေးသည် တာလော့ရပ်ကွက်ကို အမှီပြုခေါ်ဆိုတာဖြစ်ပြီး ယခင်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁) အနီးမှာတည်ရှိတဲ့အတွက် နှစ်နိုင်ငံ အပြန်အလှန်လည်ပတ်တဲ့နေရာကနေ ဈေးရောင်းချတဲ့ ပျံကျဈေးဖြစ်ပေါ်ရာက ထွက်ပေါ်လာတဲ့ ရပ်ကွက်ဈေးကြီးဖြစ်ပါတယ်။

    နှစ်ပေါင်းရာချီပြီး ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေနဲ့ တာချီလိတ်ဒေသခံတွေ ကုန်ပစ္စည်းဝယ်ယူရောင်းချလာခဲ့ကြတာ ကြာပြီဖြစ်တယ်လို့ တာချီလိတ်ဒေသခံတွေက ပြောပြပါတယ်။

    ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ထိုင်း-မြန်မာနယ်စပ်ကူးတံတား အမှတ်(၁)အနီး တာလော့စျေးသည် ၂၀၂၄ ခုနှစ် ရေကြီးမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဈေးရောင်းချသူအများစုမှာ ဈေးအရောင်းအဝယ်ကျဆင်းနေပြီး ဈေးဦးမပေါက်တဲ့နေ့တွေတောင် ရှိတယ်လို့ ဈေးရောင်းချသူအချို့က အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

    ရေကြီးမှုမဖြစ်ပွားခင်က နိုင်ငံခြားသားများနဲ့ ပြည်တွင်းက လာရောက်လည်ပတ်သူတွေ စည်ကားစွာလာရောက်လည်ပတ် ဝင်ဝယ်လေ့ရှိတဲ့ စျေးတစ်ခုဖြစ်ပါတယ်။ 

    တချိန်က ကြက်ပျံမကျစည်ကားခဲ့တဲ့ တာလော့စျေးမှာ ကျိတ်ကျိတ်တိုး စျေးဝယ်သူတွေကို ရောင်းချခဲ့ရတဲ့ တာချီလိတ်မြို့မှာရှိတဲ့ အရောင်းရဆုံး စျေးကြီးတစ်ခုအဖြစ် တည်ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ဝယ်သူမျှော်ရင်း ဈေးဦးပေါက်ဖို့အတွက် ဈေးသည်အများစု ဆုတောင်းနေရပါတယ်။

    တာလော့ဈေးမှာ ထိုင်းကုန်ပစ္စည်းများနဲ့ မြန်မာကုန်ပစ္စည်းများကို ထိုင်းနိုင်ငံက လာရောက်လည်ပတ်သူတွေနဲ့ ပြည်တွင်းက လာရောက်လည်ပတ်သူတွေက အိမ်အပြန်ပစ္စည်းလက်ဆောင် ဝင်ဝယ်လေ့ရှိတဲ့ ဈေးတခုဖြစ်ပါတယ်။ 

    “ဒီဈေးမှာဒေသခံတွေထက် နိုင်ငံခြားသားတွေ ပြည်တွင်းလာလည်သူတွေ လက်ဆောင်ဝယ်ကြတယ်။ မြို့ခံတွေကတော့ ဈေးကြီးတဲ့အတွက် လိုအပ်တဲ့ပစ္စည်းလောက်ပဲ ဝယ်တယ်။ ခုတော့ တချို့ဆိုင်တွေဆို မဖွင့်နိုင်တော့တာရှိတယ်။ နိုင်ငံခြားသားတွေမမြင်ရတာ နှစ်အတော်ကြာနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ၂၀၂၄ ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ရောင်းဝယ်မှုမရှိသလောက် နည်းပါးသွားပြီး ဆိုင်ဖွင့်ချိန် မနက် (၆)နာရီကနေ ညနေ(၆)နာရီအထိ ဖွင့်လှစ်ရောင်းချနေပေမယ့် တစ်ခါတစ်လေ စျေးဦးမပေါက်တဲ့ရက်က ပိုများတယ်လို့  အင်္ကျီဆိုင်မှာ(၁၀)နှစ်ကြာ စျေးရောင်းနေတဲ့ မအေး‌ကျော့က အရှေ့သံလွင်မီဒီယာကို  ပြောပါတယ်။

    စျေးရောင်းမကောင်းတဲ့အတွက် ဈေးရောင်းချနေကြတဲ့ ဆိုင်ခန်းအချို့မှာ မီတာခ ၊ အခန်းခ မပေးနိုင်တော့တဲ့အတွက် ပိတ်ထားရတဲ့ဆိုင်တွေလည်း ရှိနေပြီး စျေးဝယ်သူတွေထက် စျေးရောင်းတဲ့သူပိုများလာတယ်လို့ သူကပြောပါတယ်။ 

    တာလော့စျေးမှာ ရောင်းချနေတဲ့ပစ္စည်းတွေက တစ်ဖက်ကမ်းမှာရှိတဲ့ မယ်ဆိုင်လွိုင်းပေါင်းစျေးမှာ ရောင်းချနေတဲ့ပစ္စည်းတွေနဲ့ အတူတူဖြစ်နေတဲ့အတွက် တာချီလိတ်ဘက်ကို နိုင်ငံခြားသားတွေက လာရောက်ဝယ်ယူသူ မရှိတော့တဲ့အတွက် အ‌ရောင်းအရမ်းပါးနေတယ်လို့ လျှပ်စစ်ပစ္စည်းတွေ ရောင်းချနေတဲ့ ကိုသူဝင်းက ပြောပါတယ်။

    “ဆိုင်လခကတောင် အနိုင်အနိုင်ပဲ။ ရေကြီးပြီးနောက်ပိုင်း အရင်တာလော့မှာ စျေး‌ရောင်းနေသူတွေက မယ်ဆိုင် လွိုင်းပေါင်းစျေးထဲကို ရွှေ့ပြောင်းရောင်းချ နေကြတယ်။ အခုတာလော့စျေးမှာ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်မှု နည်းသွားတယ်” လို့ သူကပြောပါတယ်။

    နိဗ္ဗာန်ကုန် ရောင်းချနေသူတွေကတော့ ထိုင်းနိုင်ငံသားတွေ သိပ်မလာဖြစ်တော့တဲ့အတွက် အရောင်းအဝယ်နည်းပါးပေမယ့် သိသိသာသာကျဆင်းသွားတာ  မရှိဘူးလို့ တာချီလိတ်မြို့တွင် နှစ်ပေါင်း(၅၀) ကျော်နေထိုင်လာပြီး နိဗ္ဗာန်ကုန်ရောင်းချနေသူ ဒေါ်မိမိခမ်း ကပြောပါတယ်။

    “ကိုယ့်မြန်မာနိုင်ငံသားတွေပဲ လာဝယ်ကြတယ်။ ဝါတွင်းကာလနဲ့ ဝါထွက်ကာလတွေ အလှူအတန်းလတွေမှာတော့ ပုံမှန်ရောင်းရပါတယ်။နိဗ္ဗာန်ကုန်ဆိုင်ဆိုတော့ အခြားဆိုင်တွေလို အရောင်းအဝယ်အတက်အကျ အများကြီးတော့မရှိပါဘူး” လို့ သူကရှင်းပြပါတယ်။

    တာချီလိတ်မြို့ တွင် ၂၀၂၄ ခုနှစ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်း ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဈေးရောင်းချနေတဲ့ဆိုင်တွေ အကုန်လုံး ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် အချို့ဆိုင်တွေမှာ လက်ရှိအချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိတော့တာ တွေ့ရပါတယ်။

    Article
    author

    Article

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    ဆက်စပ်သတင်းများ

    Eastern Thanlwin