၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး တက္ကသိုလ်ဝင်အောင်စာရင်းများကို ဇွန်လ ၂၈ ရက်တွင် ကြေညာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက် www.myanmarexam.org တွင် မိမိခုံအမှတ်ကို တိုက်ရိုက်နှိပ် ရှာဖွေကြည့်နိုင်မှာဖြစ်သလို result.dme.gov.mm မှာလည်း ဇွန်လ ၂၈ ရက် နံနက်တွင် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အင်တာနက်ကောင်းစွာမရသည့် ဒေသများအတွက် စာစစ်ဌာနများမှအောင်စာရင်းကို မြန်မာ့အသံ ရေဒီယိုမှတစ်ဆင့် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။
အလယ်တန်းဆင့်(Grade -9) ပြီးမြောက် အောင်မြင်ကြသည့် ကျောင်းသား၊ကျောင်းသူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူနိုင်တယ်လို့ သိရပါတယ်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးအတတ်ပညာသုံးနှစ် သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
အထူးအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်တွင် တက်ခွင့်ရမှာဖြစ်ပြီး မွေးမြူရေး အတတ်ပညာ သုံးနှစ်သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ ငါးလုပ်ငန်းသိပ္ပံ ပထမနှစ်သင်တန်းများနဲ့ အထူးအောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပထမနှစ်သို့ တက်ရောက်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
