၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
၂၀၂၅ ခုနှစ် ငလျင်ကြီးကြောင့် လုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသက အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က ထောက်ပံ့ကူညီရေး လုပ်ငန်းတစ်ခုကို စတင်နေပြီလို့ အသိပေးထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေ ပြန်လည်ရပ်တည်နိုင်ဖို့ ငွေကြေးထောက်ပံ့ပေးသွားမှာဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ ရည်ရွယ်ထားတာပါ။
ဒါပေမဲ့ လုပ်ငန်းတိုင်း လျှောက်ထားနိုင်တာတော့ မဟုတ်ဘဲ လျှောက်ထားမယ့်လုပ်ငန်းဟာ လုပ်ငန်း လည်ပတ်လာတာ အနည်းဆုံး ၂ နှစ်ရှိပြီးသား ဖြစ်ရမယ့်အပြင် အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ မသန်စွမ်းသူတွေ ဦးဆောင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်မှာ လက်ခံရွေးချယ်ပေးမယ့် လုပ်ငန်းအရေအတွက်ကို ကန့်သတ်ထားတာ ဖြစ်ပါတာကြောင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ရွေးချယ်ခံရတဲ့ လုပ်ငန်းရှင်တွေကိုသာ အသေးစိတ်အချက်အလက်တွေ ဆက်လက် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
လျှောက်လွှာတင်တဲ့အဆင့်ကနေ ရွေးချယ်တဲ့အဆင့်အထိ အစီအစဉ်တစ်ခုလုံးဟာ အခမဲ့ဖြစ်ပြီး လျှောက်ထားဖို့အတွက်ဖြစ်စေ၊ ရွေးချယ်ခံရဖို့အတွက်ဖြစ်စေ ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုဘူးလို့ UNDP Myanmar က အသိပေးထုတ်ပြန်ထားပါတယ်။
အကယ်၍ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ငွေကြေးတောင်းခံတာမျိုး ကြုံလာရရင်လည်း UNDP Myanmar ထံ တိုက်ရိုက်ဆက်သွယ်အသိပေးနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသက ငလျင်ဒဏ်သင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လျှောက်ထားဖို့ စိတ်ဝင်စားတယ်ဆိုရင် သတ်မှတ်ချက်တွေကို သေချာစစ်ဆေးပြီး နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီမတိုင်မီ လျှောက်ထားရမှာပါ။

