၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်ရှိ တရားရုံးများက ပထမအဆင့် စီရင်ချက်များ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာ လိမ်လည်မှုစင်တာတွေ ဖွင့်ခဲ့တဲ့ ဝေမိသားစု ဂိုဏ်းက ခေါင်းဆောင် ၃ ဦးကို အောက်တိုဘာ ၁၃ ရက်မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆင်ဟွာအပါအဝင် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
သေဒဏ်ရသူများမှာ ဝေဟွိုင်ရန်၊ ချန်တာဝေနဲ့ လျောင်ကျင်းဖန်တို့ဖြစ်ပြီး နောက်ထပ် ၃ ဦးကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကာ ကျန် ၅၅ ဦးကို ထောင်ဒဏ် ၃ နှစ်နဲ့ ၃ လ ကနေ ၂၄ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။
တရားရုံး၏ အဆိုအရ အဆိုပါ ဂိုဏ်းက ၂၀၁၉ ခုနှစ်မှ စတင်၍ လောက်ကိုင်မြို့မှာ လိမ်လည်စင်တာတွေ ဖွင့်ခဲ့တာဖြစ်ပြီး တယ်လီဖုန်း လိမ်လည်မှု၊ တရားမဝင် ကာစီနို၊ မူးယစ်ဆေး ရောင်းဝယ်မှု၊ ပြည့်တန်ဆာ စီစဉ်မှုနဲ့ လူသတ်မှုတွေမှာပါ ဂိုဏ်းက ပါဝင်ခဲ့တယ်လို့ ဆိုပြီး လောင်းကစားနဲ့ လိမ်လည်မှုကနေ ရတဲ့ငွေ စုစုပေါင်းမှာ ယွမ် ၁၂.၂ ဘီလီယံကျော် ရှိသည်ဟုလည်း တရားရုံးက သိရပါတယ်။
တရုတ် အစိုးရ ရုပ်သံရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ ဂိုဏ်းက စင်တာကြီး ၁၄ ခု ဖွင့်ခဲ့ပြီး လူများစွာကို လစာကောင်းပေးမယ်လို့ လိမ်လည် ခေါ်ယူခဲ့ပြီး အမိန့် မနာခံသော လုပ်သားများကို သတ်ဖြတ်ရာမှာလည်း ဂိုဏ်းက ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ချန်တာဝေကလည်း သူ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်များဖြင့် နောက်ထပ် တရုတ်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်လို့ တရားရုံးက ဆိုထားပြီး ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ထဲမှာတော့ ဒဏ်ငွေနဲ့ ပစ္စည်းတွေလည်း သိမ်းဆည်းခဲ့ပါတယ်။
ဝေမိသားစုဟာ ကိုးကန့်ဒေသကို လွှမ်းမိုးခဲ့တဲ့ မိသားစုကြီး ၄ စုမှာ တစ်စု ဖြစ်ပြီး သူတို့က ဒေသတွင်း လက်နက်ကိုင် အင်အားကိုလည်း ထိန်းချုပ်ထားခဲ့ကာ လောက်ကိုင်မှာ ကာစီနိုတစ်ခု ဖွင့်ထားပြီး နယ်ခြားစောင့် အဖွဲ့တစ်ခုကိုလည်း ထိန်းချုပ်ထားခဲ့သည်ဟု အစိုးရ ရုပ်သံက ဆိုသည်။
သူ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်း ပေးခဲ့ပြီး ဂိုဏ်းအဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စတင် တရားစွဲခဲ့တာပါ။
တရုတ်အစိုးရသည် ၂၀၂၃ ခုနှစ်မှ စတင်၍ နယ်စပ် လိမ်လည်ဂိုဏ်းများကို အကြီးအကျယ် နှိမ်နင်းနေတာဖြစ်ပြီး အခြား ဂိုဏ်းတွေက အဖွဲ့ဝင်တွေကိုလည်း ယခုနှစ် အစောပိုင်းမှာ ကွပ်မျက်ခဲ့ဖူးသေးတယ်လို့ ဆိုပါတယ်။
တရုတ် အစိုးရ ရုပ်သံက အဆိုပါ ဂိုဏ်းကို မြန်မာပြည် မြောက်ပိုင်း အကြမ်းဖက်ဆုံး ရာဇဝတ်အင်အားဟု ဖော်ပြခဲ့ပြီး လိမ်လည်စင်တာများမှာလည်း လူပေါင်း သိန်းနှင့်ချီ၍ အလုပ်လုပ်နေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့များက သတိပေးထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေး အဖွဲ့ကလည်း ဒေသတွင်း စင်တာများမှာ လူ ၃၀၀,၀၀၀ အထိ ရှိနိုင်ကြောင်း ဆိုထားကာ ကုလသမဂ္ဂကလည်း အဆိုပါ ဂိုဏ်းများသည် တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းချီ ရနေတယ်လို့လည်း သတိပေးထားပါသေးတယ်။
၎င်းတို့ထဲမှာ လုပ်သားတွေကို လိမ်လည်ခေါ်ယူရာကနေ ရောက်ရှိလာပြီး အတင်းအကျပ် အလုပ်စေခိုင်းခံရသူများလည်း ပါဝင်နေလို့ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဆက်လက် နှိမ်နင်းသွားမယ်လို့ သိရပါတယ်။

