၁၄ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းရဲ့ လိုငွေဖြည့်ဆည်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစိုးရ အပ်ငွေစာရင်း လိုငွေမှာ ကျပ် ၂၁၀၀ ဘီလီယံဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ အစိုးရငွေတိုက်လက်မှတ်နဲ့ စာချုပ်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဝယ်ယူတဲ့န ည်းလမ်းနဲ့ ဖြည့်ဆည်းပေးရတာဖြစ်ပါတယ်။
“ ဒီပမာဏကို မဖြစ်မနေ အပြည့်အဝအသုံးပြုရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ လစဉ် အစိုးရငွေတိုက်လက်မှတ်၊ စာချုပ်တွေကို လေလံစနစ်နဲ့ ကြိုတင်ရောင်းချဖြည့်ဆည်းပြီးနောက် လကုန်ရင် ပြည်ထောင်စု အပ်ငွေ စာရင်းပိတ်ချိန်မှာ လိုငွေဖြစ်ပေါ်လာမှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူမှာဖြစ်ပါတယ်။ ” လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ထင်က ဆိုပါတယ်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ပြည် တွင်းကအသားတင်ချေးယူနိုင်တဲ့ အများဆုံးပမာဏမှာ ကျပ် ၁၀၄၃၉ ဒသမ ၆၆၂ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဆီက ကျပ် ၂၁၀၀ ဘီလီယံ ချေးယူဖို့ လျာထားခဲ့တာဖြစ်ပါတယ်။
“ ချေးငွေရဲ့ အများဆုံးသက်တမ်းဟာ ၉၂ ရက်ဖြစ်ပါတယ်။ အတိုးနှုန်းကတော့ ၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူတဲ့ နည်းလမ်းနဲ့ ဖြည့်ဆည်းသွားမှာဖြစ်ပြီးတော့ ပြန်လည်ပေးဆပ်ရမယ့် အချိန်ဇယားနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန(ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)နဲ့ ဗဟိုဘဏ်တို့ကြား ညှိနှိုင်းနေပါတယ်။ ” လို့လည်း ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦး သက်ထွန်းအောင်က ပြောပါတယ်။
ဗဟိုဘဏ်က ချေးငွေနဲ့ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းရဲ့ လိုငွေဖြည့်ဆည်းပေးမှုတွေအနေနဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ကျပ် ၄၆၀၂ ဒသမ ၉၆ ဘီလီယံနဲ့ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၆၀၂ ဒသမ ၅၁ ဘီလီယံဖြစ်လို့ တစ်နှစ်ထက် တစ်နှစ် လျော့ချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာလည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အစိုးရငွေတိုက်စာချုပ်တွေကို လေလံစနစ်နဲ့ ၆ ကြိမ်၊ တန်ဖိုးအနေနဲ့ ကျပ် ၂၉၃၈ ဒသမ ၅၅ ဘီလီယံ၊ အစိုးရငွေတိုက်လက်မှတ်တွေကို လေလံစနစ်နဲ့ ၁၂ ကြိမ်၊ တန်ဖိုးအနေနဲ့ ကျပ် ၁၀၉၉၈ ဒသမ ၆၂ ဘီလီယံကို ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ အများပြည်သူတွေကို ရောင်းချပြီး ပြည်ထောင်စုအ စိုးရအပ်ငွေစာရင်းရဲ့ လိုငွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တာပါ။
ထို့ကြောင့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း လစဉ်စာရင်းပိတ်ဆောင်ရွက်မှုအခြေအနေအရ ၂၀၂၆ ခုနှစ် ဇွန်လအထိ ဗဟိုဘဏ်ချေးငွေနဲ့ လိုငွေဖြည့်ဆည်းပေးခဲ့ရတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အခုလို လိုငွေဖြည့်ဆည်းပေးရတာ မရှိသေးပေမယ့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေငွေစာရင်းရဲ့ ဘက်ဂျက် လိုငွေမှာ ကျပ် ၈၉၈၅ ဒသမ ၁၈၁ ဘီလီယံရှိနေပြီး လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။

